ရှမ်းပြည်နယ် မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ မန်တုံမြို့နယ် ဆိုင်လိန်ရွာမှ တပ်မတော်က ဖမ်းဆီး ထားသည့် ဒေသခံ ၈ ဦး ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ထို ၈ ဦးကို တပ်မတော်က စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက ဖမ်းဆီးသွားခဲ့ပြီး ထိုနေ့ ညနေ ၆ နာရီတွင် ပြန်လွတ် လာခဲ့ကြောင်း ဒေသခံများက ပြောပြသည်။
ဆိုင်လိန်ရွာမှ ဒေသခံ တဦးက“မနေ့က မနက်ပိုင်းမှာ ဖမ်းသွားတယ်။ ရွာအောက်မှာ လယ်ခြံရှိတယ်၊ အဲဒီကနေ သူတို့ စခန်းရှိတဲ့ နေရာကို ခေါ်သွားတယ်။ အဲဒီနေ့ ညနေ ၆ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်”ဟု ဧရာဝတီသို့ ပြော သည်။
ထိုသို့ ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများမှာ မိုင်းအိုက်နွေ အသက်(၂၀ နှစ်)၊ မိုင်းနိုင်စံမ်ထွန်း(၁၈ နှစ်)၊ လွေးအမ်ဘ (၁၄ နှစ်)၊ လွေးအမ်အီဝ် (၁၈ နှစ်)၊ လွေးအိုလာ (၂၀ နှစ်)၊ လွေးအမ် (၁၆ နှစ်)၊ ယာအို (ခ) မားနိုင်ကြာ (၄၀ နှစ်)၊ ယာအေနွမ်း (ခ) မားအေဖြူ (၃၅ နှစ်)တို့ ဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးခံရသူများကို မည်သည့် အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရကြောင်း၊ ဖမ်းဆီးခံရသူများကို ပြန်လည် မေး မြန်းကြည့်ရာမှာလည်း ဘာအကြောင်းမှ မမေးဘဲ ခေါ်ထားခြင်း ဖြစ်ပြီး၊ ဖမ်းဆီးခံရသူများ ပြန်လွတ်လာစေရန် အတွက် ဆိုင်လိန်ရွာမှ ဘုန်းကြီးက မိုင်းဝီ ဗျူဟာမှူးထံ ဖုန်းဆက် အကူအညီတောင်းခံခဲ့ကြောင်း ဒေသခံများက ဆိုသည်။
အထက်ပါ ဒေသခံ တဦးက“အဖမ်းခံရတဲ့ လူတွေကလည်း ဘာမှမပြောဘူး။ ရိုက်တာ နှက်တာတော့ မရှိဘူး။ ဆိုင်လိန် ဘုန်းကြီးကျောင်းက ဆရာတော်က မိုင်းဝီ ဗျူဟာမှူးကို ဖုန်းဆက်ပြီး အကူအညီတောင်းလိုက်တယ်။ ညနေကျတော့ ပြန်လွတ်လာ တယ်။ ဆိုင်လိန်က မိုင်းဝီနဲ့ မန်တုံကြား နယ်စပ်ဖြစ်တယ်”ဟု ပြောသည်။
တအန်း (တအာင်း) ကျောင်းသားနှင့် လူငယ်များအဖွဲ့(TSYU)မှ မလွေးလှာရိန်းကလည်း ဆိုင်လိန်ရွာသား ၈ ဦး စက်တင်ဘာ ၂၄ ရက်နေ့ ညနေမှာပဲ ပြန်လွတ်လာပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
မန်တုံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူကမူ ဖမ်းဆီးသွားသည်ဆိုသော သတင်းကို မကြားရကြောင်း၊ Facebook ပေါ်မှာသာ သတင်းတွေ့ရကြောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေကြောင်း ဧရာဝတီသို့ ပြော သည်။
“အဲဒါ ကျနော်တို့လည်း မနက်က Facebook မှာတွေ့တယ်ဗျ။ အဖမ်းခံရတယ်ဆိုတာလေ။ ဒါပေမယ့် ကျနော်တို့ ရွာကို တော့ လောလောဆယ် ဆက်သွယ်နေတယ်။ ရပ်ရွာ အုပ်ချုပ်ရေးမှူးကနေလည်း ကျနော်တို့ဆီ အစီအရင်ခံစာ မတက် လာဘူးဗျ၊ ကျနော်တို့လည်း Facebook သတင်းအရ လိုက်ချိတ်နေတာဗျ”ဟုလည်း ၎င်းက ပြောဆိုသည်။
You may also like these stories:
အစိုးရနှင့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ ကျိုင်းတုံမှာ ဘာတွေညှိနှိုင်းမလဲ
မြောက်ပိုင်းမဟာမိတ် တိုက်ခိုက်မှုကြောင့် ဆွေးနွေးရေး လမ်းစပျောက်သွားမလား
မိုင်းလားတွင် တွေ့ဆုံရန် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့ကို အစိုးရ ကမ်းလှမ်း
ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်ဆိုတဲ့ ခိုင်သုခနှင့် မေးမြန်းခြင်း