အင်ဒိုနီးရှားရေတပ်မှ လေ့ကျင့်ရေးရွက်သင်္ဘော KRI Bima Suci သည် အလည်အပတ် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ ၄ ရက်ကြာ လာရောက်မည်ဖြစ်ကြောင်း အင်ဒိုနီးရှားသံရုံးက ကြေညာသည်။
KRI Bima Suci သည် အောက်တိုဘာ ၅ ရက်နေ့တွင် သီလဝါဆိပ်ကမ်းသို့ ရောက်ရှိလာမည်ဖြစ်ပြီး ၈ ရက်နေ့တွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။
အလည်အပတ်ရောက်နေစဉ် အတွင်း ရေတပ်သားများအနေဖြင့် ရွှေတိဂုံစေတီတော်၊ ဗိုလ်ချုပ် အောင်ဆန်းပြတိုက်နှင့် ဗိုလ်ချုပ်ဈေးတို့ကို သွားရောက်လည်ပတ်ရန်ရှိပြီး အောက်တိုဘာ ၆ ရက်နေ့မနက်ပိုင်းတွင်လည်း ပြည်သူရင်ပြင်တွင် သံစုံတီးဝိုင်းနှင့် ရိုးရာ Reog Ponorogo ဖျော်ဖြေမှုများလည်း ပြုလုပ်သွားမည်ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ၏ ရေကြောင်းဆိုင်ရာ အိမ်နီးချင်းနိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရန်နှင့် အင်ဒိုနီးရှား ခရီးသွား လုပ်ငန်း မြှင်တင်ရန် မူဝါဒ၏ အစိတ်အပိုင်းအဖြစ် KRI Bima Suci ၏ခရီစဉ်သည် ဒေသတွင်း လုံခြုံရေး၊ ငြိမ်ချမ်းရေးနှင့် တည်ငြိမ် ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးတို့ အတွက် “ရေကြောင်းချိန်ခွင်လျှာညှိသည့် ညီအကိုစိတ်ဓါတ်” ကြွေးကြော်သံဖြင့် ကိုယ်စားပြု လှုပ်ရှားမှုတခုလည်းဖြစ်သည်။
ခရီစဉ်စတင်ရန် ဆူရာဗာရားဆိပ်ကမ်းမှ ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က ထွက်ခွာလာသည့် KRI Bima Suci ဖိလစ်ပိုင်နိုင်ငံ မနီလာ၊ ဂျပန်နိုင်ငံ အိုဆာကာ၊ တောင်ကိုရီးယားနိုင်ငံ ဘူဆန်၊ တရုတ် နိုင်ငံ ရှန်ဟိုင်း၊ ဘရူနိုင်း၊ မလေးရှားနိုင်ငံ ပေါ့လကန်း၊ ထိုင်းနိုင်ငံ ဖူးခက်၊ မြန်မာနိုင်ငံ ရန်ကုန်၊ အင်ဒိုနီးရှားနိုင်ငံမှ ပဒန်၊ ဘန်နိုအာနှင့် သြစတေးလျှနိုင်ငံ ဒါဝင်တို့သို့ သွားရောက်မည်ဖြစ်သည်။
အဆိုပါ သင်္ဘောသည် ထိုင်းနိုင်ငံ၊ ဖူးခက်သို့ စက်တင်ဘာ ၂၉ ရက်နေ့မှ အောက်တိုဘာ ၂ ရက်နေ့အထိ ရောက်ရှိ လည်ပတ်မည်ဖြစ်ပြီး ယင်းမှတဆင့် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း သိရသည်။
KRI Bima Suci သည် KRI Dewa Ruci နှင့်အတူ အင်ဒိုနီးရှားရေတပ်ပိုင် သင်္ဘောများအတွင်း အဆင့်အမြင့်ဆုံး သင်္ဘောများတွင်ပါဝင်သည်။ ထိုသင်္ဘောကိုစပိန်နိုင်ငံ Freire Shipyard သင်္ဘောကျင်းတွင် ၂၀၁၆ ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
သင်္ဘော၏ အမြင့်မှာ ၁၁၁.၂ မီတာရှိပြီး အကျယ် ၁၃.၆၅ မီတာကျယ်သည်။ ရေဆူး ၅.၅၉ မီတာရှိပြီး သင်္ဘော ဦးခန်း၏ အမြင့်မှာ ကုန်းပတ်မှ ၄၉ မီတာမြင့်သည်။ အရာရှိ ၃၅ ဦး၊ သင်္ဘောသား ၇၃ ဦးနှင့်အရာရှိလောင်း ၁၀၁ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၂၀၉ ဦးသယ်ဆောင်နိုင်ကြောင်း သိရသည်။