သတင်းတို

မန်တုံ တိုက်ပွဲရှောင်များ စားနပ်ရိက္ခာ နှင့် နေထိုင်ရေး အခက်အခဲဖြစ်နေ

Want create site? Find Free WordPress Themes and plugins.

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မန်တုံကျေးရွာတွင် တိမ်းရှောင်နေသော ကုန်းဆာကျေးရွာမှ တိုက်ပွဲရှောင် ၁၀၀ ကျော်သည် စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲရှောင် ၁၀၀ ကျော်သည် ကွတ်ခိုင်မြို့ ကုန်းဆာရွာ ကုန်းဆာတောင်ကြောပေါ်တွင် တပ်မတော်နှင့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)တို့ စက်တင်ဘာ ၂၄ ရက်က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် မန်တုံရွာသို့ တိမ်းရှောင်လာခဲ့ကြသူများ ဖြစ်သည်။

လက်ရှိတွင် စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများ ဖြစ်နေကြောင်း မန်တုံ တိုက်ပွဲရှောင်စခန်း တာဝန်ခံ မိုင်းအိုက်ခမ်း က ဧရာဝတီသို့ ပြောသည်။

“အခု မန်တုံရွာမှာ ကုန်းဆာရွာက တိုက်ပွဲရှောင်လာတယ်။ လူဦးရေက ၁၄၁ ဦးရှိတယ်။ အိမ်ထောင်စုက ၄၀ ရှိတယ်။ နေ ရေး ထိုင်ရေးကတော့ အားနည်းချက် ရှိတယ်။ အခက်အခဲ ရှိတယ်၊ ဘုန်းကြီးကျောင်းမှာပဲ နေကြတယ်။ ဘုန်းကြီးကျောင်း ဆိုတော့ အားလုံး အတူတူ ပေါင်းအိပ်လို့ မဖြစ်နိုင်ဘူးလေ။ နောက် အိပ်ယာခင်းတွေလည်း လိုတယ်။ အဲဒါကြောင့် ခွဲအိပ် ကြရတယ်။ စားနပ်ရိက္ခာကလည်း လိုအပ်နေတယ်”ဟု ၎င်းက ပြောသည်။

မန်တုံရွာတွင် တိုက်ပွဲရှောင်နေသူများကို ကူညီပေးနေသော ကွတ်ခိုင်မြို့မှ မဆိုင်းဘူ ကလည်း တိုက်ပွဲရှောင်များသည် မိုင်း အန္တရာယ်ကို ကြောက်နေရသဖြင့် အပြင်ထွက်၍ ရှာဖွေ မစားသောက်နိုင်သည့်အတွက် စားနပ်ရိက္ခာများ လိုအပ်နေခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“စားသောက်ရေးကတော့ ခက်ခဲပါတယ်ရှင့်။ လိုအပ်တာတော့ အရမ်းလိုအပ်နေတယ်။ အဓိကတော့ စားသောက်ကုန်ပေါ့။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်တွေ လိုတယ်။ သူတို့ကျတော့ အပြင်ကို ထွက်ရှာလို့ အဆင်မပြေဘူး၊ ပတ်ဝန်းကျင်မှာလည်း မိုင်းတွေ ဘာတွေ ထောင်ထားတော့ ထင်းတွေ ဘာတွေတောင် ရှာလို့ အဆင်မပြေဘူး။ အဓိက ကုန်ခြောက်တွေ ရှိနေရင် တော့ သူတို့အတွက် နည်းနည်း အကူအညီ အထောက်အပံ့တော့ ဖြစ်တာပေါ့နော်”ဟုလည်း ၎င်းက ပြောဆိုသည်။

လက်ရှိတွင် မန်တုံရွာဘုန်းကြီးကျောင်း၌ ကုန်းဆာရွာမှ ဒေသခံ ၁၄၁ ဦး တိုက်ပွဲရှောင်လျက် ရှိပြီး အနီးရှိ ပါဂျူ၊ မန်အိုင်၊ လောမွန် စသည့် ကျေးရွာ သုံးရွာမှ အိမ်ထောင်စု ၈၀ ကျော် လူဦးရေ ၅၀၀ ကျော်သည်လည်း ဒေသအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများတွင် သွားရောက် ခိုလှုံနေကြရကြောင်း အကူအညီပေးနေသူများက ပြောပြသည်။

အဆိုပါ ကျေးရွာများ အနီးဝန်းကျင်တွင် စက်တင်ဘာ ၂၅ ရက်ကလည်း တပ်မတော်နှင့် TNLA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြပြီး ယနေ့အချိန်တွင်မူ တိုက်ပွဲ ပြန်လည် ငြိမ်သက်နေကြောင်း မန်တုံတိုက်ပွဲရှောင် စခန်း တာဝန်ခံ မိုင်းအိုက်ခမ်းက ဆိုသည်။

ကွတ်ခိုင်မြို့မှ မဆိုင်းဘူက“အခု လောလောဆယ်ကတော့ မပြန်နိုင်သေးဘူးရှင့်၊ ဘုန်းကြီးကျောင်းမှာပဲ ရှိနေသေးတယ် ရှင့်။ ပြန်နိုင်၏ မပြန်နိုင်၏ ဆိုတာက စစ်ရေး အခြေအနေပေါ်မှာ မူတည်နေတော့ ဘာဖြစ်လာမယ် ဆိုတာ မသိသေးတော့ လေ။ ဒါကြောင့် ဒီမှာ ရှောင်နေတာရှင့်”ဟု ပြောဆိုသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading