လမ်းများချဲ့ထွင်မှုကြောင့် လျှပ်စစ်ဓာတ်အားတိုင်များနှင့် ဆက်သွယ်ရေးတိုင်များကို ရွှေ့ပါက ဌာနဆိုင်ရာ အချင်းချင်း လျော်ကြေး ပေးရသည့် အတွက် ညှိနှိုင်း ဆောင်ရွက်ကြရန် လိုကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုသည်။
ဒေါ်နီလာကျော်က“မူလကတည်းကိုက စိုက်ထူထားတဲ့ လျှပ်စစ်တိုင်တွေ ဖြစ်တဲ့အတွက်ကြောင့် ဒီလျှပ်စစ်တိုင်တွေကို သော်လည်းကောင်း၊ ဆက်သွယ်ရေး တိုင်တွေကိုသော်လည်းကောင်း ရွှေ့ပြောင်းပေးဖို့ ဆိုရင် ဌာနဆိုင်ရာ အချင်းချင်း လျော်ကြေးပေးရပါတယ်”ဟု ၎င်းက ပြောသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် ဒသမ ပုံမှန်အစည်းအဝေးတွင် တိုးချဲ့ပြီး လမ်းခင်းခြင်း ဆောင်ရွက် သည့် လမ်းမကြီးများပေါ်ရှိ လျှပ်စစ်မီးတိုင်များ၊ တယ်လီဖုန်းတိုင်များအား ယာဉ်သွားလမ်းကြောင်းများနှင့် လွတ်ကင်း အောင် ရွှေ့ပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ ကို လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ဒေါ်နီလာကျော်က လျှပ်စစ်တိုင်များနှင့် ဆက်သွယ်ရေးတိုင်များကို ရွှေ့ပြောင်းရာတွင် တိုင်ပေါ်တွင်ရှိသောကြိုးများ တလိုင်းလုံးကို ကြိုတင် စီမံချက်ချပြီး ပြောင်းရွှေ့ရခြင်း ဖြစ်သည့်အတွက် ကုန်ကျမှုများပြီး မူလ လမ်းချဲ့လျှင် လမ်းချဲ့ မည့် ဌာနက ဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းရန် လိုအပ်ကြောင်း ပြောသည်။
လှိုင်သာယာမြို့နယ်တွင် ယာဉ်ကြောကြပ်တည်းမှုကြောင့် လမ်းမကြီးများအား မူလ ၄ လမ်းသွားမှ ၆ လမ်းသွားအဖြစ် လမ်းတိုးချဲ့နေသော်လည်း ယာဉ်သွားလမ်း နေရာများ၌ လျှပ်စစ်မီးတိုင်များ တည်ရှိနေသဖြင့် တိုးချဲ့ထားသော လမ်းမ ကြီး များပေါ်တွင် ယာဉ်များသွားလာနိုင်ခြင်း မရှိကြောင်း ဦးမြတ်မင်းသူက လွှတ်တော်တွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း ဒဂုံမြို့နယ်နေ ဦးဝင်းကိုက“အဓိက အကျဆုံးက ဘယ်အစိုးရဖြစ်ဖြစ် ရေရှည်ဆိုတဲ့ စကားလုံးကို တခါမှ မစဉ်းစားဖူး ဘူး။ သူတို့လုပ်တဲ့ စီမံကိန်းတွေမှာ နှစ် ၃၀ ၊ နှစ် ၄၀ မျှော်မှန်းတွေးတောပြီး လုပ်ဆောင်တာမျိုး မတွေ့ရ သလောက်ပဲ။ အဲဒီလို မရှိတဲ့ အခါကျတော့ ပလက်ဖောင်းက ဖျက်လိုက်ရ၊ ဓာတ်တိုင်က ရွှေ့လိုက်ရ၊ လမ်းကချဲ့လိုက် ရ အဲဒီအလုပ်တွေကို နောက်က လိုက်လုပ်ရတာ။ လျော်ကြေးပေးရတယ်ဆိုလည်း ပြည်သူ့ဘဏ္ဍာကို ညာဘက် အိတ်ကပ် ကနေ ဘယ်ဘက် အိတ်ကပ်ကို ပြောင်းသုံးတာပဲ ကုန်တာက ပြည်သူပဲ”ဟု ပြောသည်။
လှိုင်သာယာမြို့နယ်၏ လမ်းမကြီးများ တိုးချဲ့ခြင်းနှင့် လမ်းခင်းခြင်းကြောင့် လမ်းမကြီးပေါ် ရောက်ရှိနေသည့် လျှပ်စစ် မီးတိုင်များ ပြောင်းရွှေ့ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိရာတွင် ရန်ကုန်-ပုသိမ်လမ်းမကြီး တိုးချဲ့ခြင်း အတွက် တိုင် ရွှေ့ပြောင်းခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အတွင်း ဇူလိုင်လ နောက်ဆုံးထား၍ အပြီး ဆောင်ရွက်ပေးသွား မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။
ထို့ပြင် ရန်ကုန်-ညောင်တုန်း လမ်းမကြီးနှင့် အနော်ရထာလမ်းမကြီးပေါ်ရှိ တိုင်ပြောင်းရွှေ့ခြင်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်၏ တိုင်းဒေသကြီး ဘတ်ဂျက် RE တွင် လျာထားဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းကို ယနေ့ တိုင်း လွှတ်တော် တွင် လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးက ပြောကြားသွားသည်။