ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ပေါင်းတလည်မြို့တွင် အသက် ၁၃ နှစ်အရွယ် ၈ တန်းကျောင်းသူကို ကျောင်းထိုင်ဆရာတော် တပါးမှ ခိုးယူထွက်ပြေးမှု ဖြစ်ပွားခဲ့ရာ မိခင်ဖြစ်သူမှ အမှု ဖွင့်ထားကြောင်း ပေါင်းတလည် နယ်မြေရဲခစန်းမှ သိရသည်။
တိုင်ကြားခံရသည့် ကျောင်းထိုင်ဆရာတော်မှာ သက်တော် ၄၀၊ ဝါတော် ၂၀ ရှိသည့် ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဓမ္မဖြစ်ပြီး ကားတင်ခေါ်ဆောင်သွားသည့် CCTV မှတ်တမ်းတချို့ရရှိထားကြောင်း တာဝန်ရှိသူ ရဲတပ်ဖွဲ့ဝင်တဦးက ပြောသည်။
၈ တန်းကျောင်းသူ၏ မိခင်ဖြစ်သူ ဒေါ်ရီမြင့်က “ကျမသမီးလေးကို ပြန်ပဲမြင်ချင်ပါတယ်။ အသက်ကလည်း မပြည့်သေးတဲ့အတွက် အရမ်းစိတ်ပူ နေရပါတယ်။ ရောင်းစားမှာတို့ တဖက်နိုင်ငံပါသွားမှာတို့ အရမ်းစိတ်ပူတယ်။ အဲဒီဘုန်းကြီးက ထိုင်းမှာ အကြာကြီး နေဖူးတော့ ရောင်းစားမလား စိတ်ပူတယ်။ သမီးလေးကိုလည်း ရောက်ရာအရပ်က အမြန် ဆက်သွယ်ပေးပါလို့ မှာချင်ပါတယ်” ဟု ပြောသည်။
ဖြစ်စဉ်မှာ ပြည်မြို့နယ် ပေါင်းတလည်မြို့အတွင်းရှိ ကျေးရွာနေ ၈ တန်းကျောင်းသူမှာ စက်တင်ဘာ ၃၀ ရက်နေ့ မနက်ပိုင်း ကျောင်းသွားချိန်တွင် ရွာဦးကျောင်း ဆရာတော် ဦးအဂ္ဂဓမ္မမှ စာသင်ကျောင်းအနီး အသင့် စောင့်နေပြီး ကျောင်းသူအား ကားဖြင့်ခေါ်ဆောင်သွားသည်ကို ကျောင်းအတူ သွားသူ ညီမဝမ်းကွဲ ဖြစ်သူက မြင်တွေ့လိုက်ကြောင်း၊ ထိုကိစ္စကို ကျောင်းမှ ဆရာမများ သိရှိသွားပြီး မိဘများကို အကြောင်းကြားသဖြင့် ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း မိခင်ဖြစ်သူက ပြောသည်။
ဦးအဂ္ဂဓမ္မကျောင်းထိုင်သည့် ကျောင်းတိုက်တွင် သတင်းသုံးနေသည့် ဦပဉ္ဖင်း ဦးအရိယာဝံသက “ခါတိုင်းသူခရီးသွားရင် ပြောဆိုပြီးမှသွားတယ်။ သူ့ကားနဲ့ မနက်အစောကြီး ထွက်သွားတာ၊ သူပြန်မလာလို့ သူ့အခန်းထဲဝင်ကြည့်တော့ လပ်တော့တွေရော အခန်းထဲမှာမရှိတော့ဘူး။ အခုဆိုပြန်မလာတာ ၂ ရက်ရှိပြီ အဲနေ့က ပြည်ကိုကြွဦးမယ်ဆိုပြီးတော့ပဲထွက်သွားတာ”ဟု မိန့်သည်။
နှောကုန်းကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးဇာဂရ ကလည်း “ဒီမှာကျောင်းထိုင်ဖို့ ဦးဇင်းပဲ တင်ပေးခဲ့တာ။ နောင်ချိုဇာတိ။ သူယိုးဒယားမှာနေနေတာ။ လှမ်းဆက်သွယ်ပြီး ကျောင်းထိုင်ဖို့ လာခဲ့ဆိုပြီး လှမ်းခေါ်လိုက်တာ။ အဖြစ်အပျက် ဆိုးတယ်လို့ပဲ ပြောရမှာပေါ့။ သာသနာလည်းထိခိုက်တယ်။ သူက ဆက်သွယ်လို့ မရအောင်ကို လုပ်ပစ်ခဲ့တာ။ ဖုန်းကိုပိတ်ပစ်တယ် ဖုန်းကိုအမြဲခေါ်နေတာ” ဟု မိန့်သည်။
အမှုနှင့်ပတ်သက်၍ အရွယ်မရောက်သေးသော မိဘအုပ်ထိန်းသူ လက်အောက်ရှိသူအား ခေါ်ဆောင်သွား သည့်အတွက် ပေါင်းတလည်နယ်မြေရဲခစန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၆၃ ဖြင့် မိခင်ဖြစ်သူမှ တရားလိုပြုလုပ်၍ အမှုဖွင့်ထားကြောင်း သိရသည်။
You may also like these stories:
သာသနာ သန့်ရှင်းရေး အလေးဂရုပြုကြဖို့ မဟန ဥက္ကဋ္ဌ ထပ်မံသတိပေး
တပ်မတော်ကို အသရေဖျက်သည်ဟု ဆိုကာ မြဝတီမင်းကြီး ဆရာတော်ကို မန္တလေးတွင် တရားစွဲ