မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ် ၁၁ ရဲစခန်း အပိုင်နယ်မြေ အတွင်းရှိ နေအိမ်တလုံးတွင် AA အဖွဲ့နှင့် ဆက်စပ်နေသည် ဟုဆိုကာ ဖမ်းဆီးထားသူ ၆ ဦးကို အောက်တိုဘာ ၈ ရက်နေ့က မန္တလေး ခရိုင်တရားရုံးတွင် ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။
“အမျိုးသား ၆ ဦးကို စပြီး တရားစွဲတင်ခဲ့တာပါ၊ တရားခံပြေးအမှုကို အရင်စပြီး စစ်မှာပါ၊ ပြီးမှ ကျန်တဲ့သူတွေကို စစ်မယ်”ဟု ဖမ်းဆီးခံရသူများဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးသူ အထက်တန်းရှေ့နေ ဦးမျိုးဝင်းဇော်က မီဒီယာများကိုပြောသည်။
၎င်း ၆ ဦးအနက် ၂ ဦးမှာ ရက္ခိုင့်စစ်တပ် AA မှ တပ်ကြပ်ကြီး အဆင့် ၁ ဦး နှင့် တပ်သား ၁ ဦး ပါဝင်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မကြာသေးမီက မီဒီယာများသို့ အတည်ပြု ပြောကြားထားသည်။
ဖြစ်စဉ်မှာ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ဒဿနလမ်း၊ အမှတ်(က-၅/၇၇) နေအိမ်တွင် AA လက်နက်ကိုင် အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်း ရရှိသည်ဟုဆိုကာ ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက် နေ့ က ရဲတပ်ဖွဲ့ဝင်များသည် သက်သေများ နှင့်အတူ ဝင်ရောက်ရှာဖွေရာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ပြည်လမ်း၊ အမှတ် ၆၇၈ နေ အောင်လင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ စပါးဆိပ်ရပ်နေ ဦးမြတ်ခိုင်နှင့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပင်ရောက်ကျေးရွာနေ ချမ်းငြိမ်းတို့ ၃ ဦးအား တွေ့ရှိသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါနေအိမ် အပေါ်ထပ် အခန်းအတွင်းအား ဆက်လက်ရှာဖွေရာ ယမ်းတုံးဟု ယူဆရသော အထုပ် ၂၈ ထုပ်၊ ဒီတိုနီတာ ၁၀၀ထုပ်ပါ ၁၀ ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊ စက္ကူဖြူ ၁၅ လိပ်ပါ ၃ ထုပ်၊ ယမ်းဖြူဟု ယူဆရသော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို ၁ ထုပ်နှင့်အတူ THLIRAYA XT-ITTE. Satellite Phone အသစ် အလုံးရေ ၄၀၊ မှန်ပြောင်း (BAIGISH) made in RUSSIA ၃၀ ခု၊ GARMIN (GPS+GLONASS) ၂၅ လုံးတို့ကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဟု သိရသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းစိပ်ကျေးရွာနေ ဖိုးကျော်ဆိုသူ ရောက်ရှိ လာသဖြင့် လေးဦးမြောက်အဖြစ် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ဖမ်းဆီးရမိခဲ့သူ ၄ ဦးအား မှုခင်းအထူးတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့တို့က ဆက်လက်စစ်ဆေးခဲ့ရာ နောက်ဆက်တွဲအဖြစ် ဝင်းသိန်း၊ ကျော်ကျော်ဖြိုး(ခ)ဆံရှည် ဆိုသူတို့ကို ဆက်လက် ဖမ်းဆီးရမိခဲ့ပြီး ၃ ဦးမှာ ထွက်ပြေး လွတ်မြောက် နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက်များ အရ သိရသည်။
ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသူများကို မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ)ဖြင့် အမှုဖွင့်ခဲ့ပြီး ၂၀၁၄ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် ကျင့်-၅၁၂တို့ဖြင့် မန္တလေးခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
လာမည့် ရုံးချိန်းကို အောက်တိုဘာ ၂၂ ရက်နေ့တွင် စစ်ဆေးမည်ဟု သိရသည်။