ထိုင်းနိုင်ငံတွင် သေဒဏ်ချမှတ် ခံထားရသည့် မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း အတွက် အသနားခံစာ ထိုင်း ဘုရင်ထံသို့ အောက်တိုဘာ ၂၁ ရက်၌ တင်သွင်းရန် ထိုင်းရှေ့နေများကောင်စီက စီစဉ်ထားကြောင်း မြန်မာ နိုင်ငံခြားရေး ဝန်ကြီး ဌာနက ယနေ့ သတင်း ထုတ်ပြန်သည်။
မြန်မာ သံအမတ်ကြီး ဦးမျိုးမြင့်သန်းနှင့် ထိုင်းရှေ့နေများ ကောင်စီ လုပ်ငန်းအဖွဲ့ အကြီးအကဲ Mr. Nakhon Comphuchat ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ အောက်တိုဘာ ၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် တွေ့ဆုံရာ ၌ ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်းတို့အပေါ် ပြစ်ဒဏ် လျှော့ပေါ့ရေး အတွက် အသနားခံစာ မူကြမ်းအား အောက်တိုဘာ ၁၄ ရက် တွင် မြန်မာသံရုံးသို့ တင်ပြမည်ဟု ထိုင်းရှေ့နေများ ကောင်စီဘက်က ပြောခဲ့ကြောင်းလည်း သိရသည်။
အသနားခံစာ မူကြမ်းကို မြန်မာနိုင်ငံ ဥပဒေအကြံပြု အဖွဲ့က အတည်ပြုပြီးပါက ထိုင်းဘုရင်ထံ တင်သွင်းမည်ဖြစ်ပြီး ထိုသို့ တင်သွင်းနိုင်ရေး အတွက် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း ၏ မွေးစာရင်း၊ အိမ်ထောင်စု စာရင်း၊ ယခင်က ပြစ်မှုကင်းရှင်း ကြောင်း နှင့် မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက်များ ဆောင်ရွက်ပေးသွားမည်ဟုလည်း ဆိုသည်။
ယင်းတွေ့ဆုံပွဲသို့ အမှုနှင့် ပတ်သက်ပြီး ဥပဒေဆိုင်ရာ အကြံပြု ပူးပေါင်းဆောင်ရွက်နိုင်ရန် မြန်မာအစိုးရက စေလွှတ်ထား သည့် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုအုန်း၊ မှုခင်းရဲတပ်ဖွဲ့မှ ရဲမှူးချုပ် စိုးနိုင်ဦး တို့နှင့်အတူ အလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်နှင့် ဥပဒေ အကြံပေးရှေ့နေ ဦးအောင်မျိုးသန့် တို့လည်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။
၂၀၁၄ ခုနှစ် စက်တင်ဘာလ အတွင်းက ထိုင်းနိုင်ငံ စူရတ်ဌာနီ ခရိုင်၊ ကော့တောင် လိပ်ကျွန်း၌ ဗြိတိန် လူငယ်စုံတွဲ David miller နှင့် Hannah witheridge တို့ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်း တို့ကို တရားစွဲဆို ကာ သေဒဏ်ချမှတ်ခံခဲ့ရခြင်း ဖြစ်သည်။
ထိုနောက် အယူခံ အဆင့်ဆင့် တင်သွင်းခဲ့ရာ ပြီးခဲ့သည့် သြဂုတ်လ ၂၉ ရက်က ထိုင်းနိုင်ငံ၏ အမြင့်ဆုံး တရားရုံး ဖြစ်သည့် တရားရုံးချုပ်က အယူခံအား ငြင်းပယ်ကာ သေဒဏ်ကို ထပ်မံ အတည်ပြုခဲ့သည်။
ထိုင်းတရားရုံးချုပ်၏ သေဒဏ် ပြစ်ဒဏ် အတည်ပြုပြီးနောက် ထိုင်းဘုရင်ထံသို့ ရက်ပေါင်း ၆၀ အတွင်း အသနားခံစာ တင်နိုင်သည့် အတွက် ဘုရင့်ထံ အသနားခံစာ တင်ရန် စီစဉ်နေခြင်း ဖြစ်ကြောင်း၊ အသနားခံစာ တင်ရမည့် ကာလ အနေဖြင့် ယခု အောက်တိုဘာလ ၂၈ ရက်သည် နောက်ဆုံးရက် ဖြစ်ကြောင်း သိရသည်။
ဆက်စပ် ဖတ်ရှုရန်
ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး
လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ရှူံးနိမ့်၊ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်
သေဒဏ်ကျ မြန်မာနှစ်ဦးထံ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး သွားရောက် အားပေး
လိပ်ကျွန်းအမှုမှ မြန်မာ ၂ ဦးကို သက်ညှာပေးရန် ထိုင်းဝန်ကြီးချုပ်ထံ တပ်ချုပ်တောင်းဆို