ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်ရှိ ရွေးမြစ်အတွင်း၌ ယနေ့ နံနက် ၇ နာရီ ၄၅ မိနစ် အချိန်ခန့်က စက်လှေတစီး မီးလောင်ရာ ၁ဦး သေဆုံး၍ ၃ဦး ဒဏ်ရာရခဲ့ကြောင်း သတင်းရသည်။
မီးသတ်ဌာနမှ ၁ နာရီခန့်ကြာအောင် မီးငြိမ်းသတ်ပြီးနောက် ၈ နာရီ ၄၅ မိနစ်ခန့်အချိန်တွင် မီးငြိမ်းသွား ခဲ့ကြောင်း၊ မီးငြိမ်းသွားချိန်၌ စက်လှေအတွင်း မီးလောင်ကျွမ်းသေဆုံးနေသည့် အမည်မသိ အလောင်း တလောင်းကို တွေ့ရှိရသည့်အတွက် မြောင်းမြ ဆေးရုံရှိ ရင်ခွဲရုံသို့ တာဝန်ရှိသူများက ပို့ဆောင်ထားကြောင်း သိရသည်။
“စက်လှေ ဆီဖြည့်တဲ့ အချိန် ထမင်းအိုးတည်ရင်း မီးထလောင်တာပါ။ ၁ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရတယ်။ ဒဏ်ရာရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပါတယ်။ သူတို့ကို ဆေးရုံကို ပို့ပေးထားတယ်။ မီးလောင်ဒဏ်ရာကြောင့် အမျိုးသမီးတဦးကတော့ အခြေအနေမကောင်းဘူး။ စိုးရိမ်ရတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောခွင့်ရ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
မီးလောင်သည့်စက်လှေမှာ မြောင်းမြမြို့၊ သဲပုံစက်လှေဆိပ်တွင် ဆိုက်ကပ်ထားသည့် မြောင်းမြ- စကားများ ရွာ ပြေးဆွဲသည့် လိုင်းစက်လှေဖြစ်ပြီး မီးလောင်မှုအား မြောင်းမြမီးသတ်ဌာနမှ မီးသတ်ကား ၄ စီးဖြင့် ဝိုင်းဝန်းငြှိမ်း သတ်ခဲ့သလို မီးလောင်နေသည့် စက်လှေအတွင်းမှ လူ ၃ ဦးကိုလည်း ကယ်ထုတ်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်အား ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပြီး အသေးစိတ်ကို ဆက်လက်ထုတ်ပြန်ပေးမည် ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ကပြောသည်။