ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်လုပွဲအဖြစ် လက်ရှိချန်ပီယံ အောင်လအန်ဆန်း နှင့် စိန်ခေါ်သူ ဘရန်ဒန် ဗီရာတို့ ထိုးသတ်သည့် ONE: 100 CENTURY ပွဲစဉ်ကို အားပေးရင်း ယမန်နေ့က ဧရာဝတီတိုင်း ဒေသကြီး ဒေးဒရဲမြို့နယ်မှ အဘိုးအိုတဦး သေဆုံးကြောင်း သတင်းရရှိသည်။
သေဆုံးသူသည် ဒေးဒရဲမြို့နယ် မှော်ဘီကျေးရွာအုပ်စု ထနိပါတ်ကျေးရွာမှ ဦးလှအောင် (အသက် ၇ဝ နှစ်) ဖြစ်ပြီး အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းက အောင်လပွဲ အားပေးရင်း နှလုံးရောဂါကြောင့် လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရ သည်။
“ဦးလှအောင်က သူ့မှာ နှလုံးရောဂါအခံ ရှိတယ်လို့ သိရတယ်။ မနေ့ညက အောင်လပွဲလာတော့ သူတိူ့အိမ်နားက အိမ်နီး ချင်း ဖြစ်သူရဲ့နေအိမ်မှာ အောင်လအန်ဆန်း ပွဲကို သွားရောက်အားပေးရင်းနဲ့ နှလုံးရောဂါကြောင့် သေဆုံးခဲ့တာ ဖြစ်ပါ တယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ဧရာဝတီကို ပြောသည်။
ဂျပန်နိုင်ငံ တိုကျိုမြိူ့၌ ကမ္ဘာ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်လုပွဲအဖြစ် အောင်လနှင့် ဗီရာတို့ ထိုးသတ်သည့် ပွဲစဉ်ကို မြန်မာပြည်တွင်းမှ အခပေးရုပ်သံလိုင်း ဖြစ်သည့် စကိုင်းနက်နှင့် အခမဲ့ ရုပ်သံလိုင်းဖြစ်သည့် MRTV Entertaiinment ရုပ်သံလိုင်းတို့က တနိုင်ငံလုံးသို့ ထုတ်လွှင့်ပြသခဲ့သည်။
ဦးလှအောင်သည် MRTV Entertaiinment ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသည့် အောင်လနှင့် ဗီရာတို့ ပွဲစဉ်ကို ကြည့်ရှုနေစဉ် အောင်လက ဗီရာကို အနိုင်ရရှိချိန်၌ “ဒါမှ မြန်မာ့ဂုဏ်ကို ဆောင်တာကွ”ဟု အော်ဟစ်ထခုန် အားပေးပြီးနောက် နှလုံး ရောဂါ ဖြင့် လဲကျသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်း အရ သိရသည်။
အောင်လအန်ဆန်းသည် စိန်ခေါ်သူ ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာကို ပွဲစဉ် ဒုတိယအချီ၌ အလဲထိုးဖြင့် အနိုင်ရရှိခဲ့ သည့် အတွက် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ကို ပထမဆုံးအကြိမ် ကာကွယ်နိုင်ခဲ့ပြီး လိုက်ဟဲဗီးဝိတ် နှင့် မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ အဖြစ် ဆက်လက် ရပ်တည်နိုင်ခဲ့သည်။