လာမည့် ရွေးကောက်ပွဲတွင် ပြည်သူများအနေဖြင့် ပါတီ တခုတည်းကို ကြည့်၍ မဲပေးတော့မည် မဟုတ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ဗဟို ဒု ဥက္ကဋ္ဌ ၂ ဒေါက်တာ ဇော်မြင့်မောင်က လွှတ်တော် ကိုယ်စားလှယ်များအား သတိပေး ပြောကြားလိုက်သည်။
ယနေ့ ကျင်းပသည့် ခုနှစ်ကြိမ်မြောက် ရန်ကုန်တိုင်း ဒေသကြီး NLD ပါတီ၊ လွှတ်တော်၊ အစိုးရ သုံးပွင့် ဆိုင် တွေ့ဆုံ ညှိနှိုင်း ပွဲ၌ ၎င်းက ပြောကြားခြင်း ဖြစ်ပြီး အစိုးရအဖွဲ့နှင့် လွှတ်တော်တို့ အချိုးညီ ဖွံ့ဖြိုးတိုးတက်ရန်နှင့် အပြန်အလှန် ထိန်းကျောင်း ဆောင်ရွက်သွားရန် လိုကြောင်းလည်း ပြောကြားသွားသည်။
ဒေါက်တာ ဇော်မြင့်မောင်က “အရင်တုန်းက အတိုင်ပင်ခံ ပုဂ္ဂိုလ်က လူပုဂ္ဂိုလ်ကို မကြည့်ပါနဲ့ ပါတီကို ကြည့်ပြီး မဲပေးပါလို့ ဆန္ဒ တောင်းခဲ့တယ်။ တကယ်လည်း ပေးခဲ့တယ်။ ပြည်သူတွေရဲ့ နိုင်ငံရေး အသိအမြင် ဒီထက် ပိုရင့်ကျက်လာပြီ။ ဒီထက် ပိုများပြား လာတယ်။ အရင်တုန်းကလို တခုတည်းတော့ ကြည့်မှာ မဟုတ်တော့ဘူး။ လွှတ်တော် ကိုယ်စားလှယ်တွေက လည်း ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ပြီးတော့ ဝမ်းစာ ဖြည့်ဖို့ လိုပါတယ်” ဟု ပြောသည်။
ပြည်သူ့အကျိုး ဆောင်ရွက်ရာတွင် အချင်းချင်းကြား ပွတ်တိုက်မှုများအား ယခုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခြင်းဖြင့် ဖြေရှင်းရ မည် ဖြစ်ပြီး ရှေ့ဆက် ဆောင်ရွက်ရမည့် ကိစ္စများ အတွက် ပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသ ကြီး NLD ဒု ဥက္ကဋ္ဌ ဒေါက်တာ စိုးဝင်းဦးက ပြောသည်။
“ဒီလို တွေ့ဆုံမှုတွေကနေ တိုင်းပြည်ရဲ့ ပြဿနာတွေ၊ တွေ့ကြုံ ကျော်လွှားရမယ့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ကောင်းအောင် ညှိနှိုင်းဖို့ပါပဲ။ အပြန်အလှန် တွေ့ဆုံညှိနှိုင်းမှု မရှိတဲ့နေ့က ကျဆုံးတဲ့ နေ့ပါပဲ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း၏ အောင်မြင်မှုသည် ပါတီ၏ အောင်မြင်မှုပင် ဖြစ်သည့်အတွက် လမ်းချော်၍ မဖြစ် ကြောင်း၊ နိုင်ငံရေးပါတီ များ၊ နိုင်ငံတကာ သံတမန်များနှင့် အဖွဲ့ချုပ် အဖွဲ့ဝင် အားလုံးကလည်း ရန်ကုန်တိုင်းကို စောင့်ကြည့်ကြောင်း ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။
ရန်ကုန်တိုင်း အတွင်း ပင်နီဝတ် အချို့ကြောင့် ပြည်သူများက ပင်နီမြင်လျှင် ကြောက်နေရပြီး တဦးချင်း၏ စိတ်ထား၊ လုပ် ရပ်နှင့် သဘောထားများ ပြောင်းလဲရန် လိုအပ်နေပြီ ဖြစ်ကြောင်းလည်း တိုင်း ဗဟိုအလုပ်အမှုဆောင် အဖွဲ့ ဥက္ကဋ္ဌ ဦးမြင့် ဌေး က သတိပေးခဲ့သည်။
နိုင်ငံရေးအရ စိန်ခေါ်မှုများ ရှိနေချိန်တွင် ပါတီအနေဖြင့် ကြံ့ခိုင်နေရမည် ဖြစ်ပြီး လာမည့် ရွေးကောက် ပွဲ၌ အနိုင်ရကာ အစိုး ရ သီးသန့် ဖွဲ့နိုင်သည်အထိ ခိုင်မာသည့် စိတ်ဓာတ်ဖြင့် ဆောင်ရွက်ကြရန်လည်း ဒေါက်တာ ဇော်မြင့်မောင်က တိုက်တွန်း သွားသည်။
ထို့ပြင် ပါတီ တောင့်တင်းခိုင်မာရေး အတွက် မျိုးဆက်သစ်များ မွေးထုတ်ရမည် ဖြစ်ပြီး မျိုးဆက်သစ်များ အနေဖြင့်လည်း ပါတီဝင်ဟောင်းများ၏ ဖြတ်သန်းမှု အတွေ့အကြုံများအား အတုယူ လေးစားရန်၊ သင်ယူကြရန် လိုအပ်ကြောင်းလည်း ၎င်း က ပြောခဲ့သည်။
ယနေ့ တွေ့ဆုံပွဲသို့ ပါတီ ဗဟို အလုပ်အမှုဆောင်များ၊ ရန်ကုန်တိုင်းအစိုးရ အဖွဲ့ဝင်များနှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ် အလုပ်အမှုဆောင်များ တက်ရောက်ခဲ့ကြသည်။
္။