တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ၏ ဥက္ကဋ္ဌ တာဝန်ယူထားသူ ဗိုလ်ချုပ် စိုးနိုင်ဦးသည် ဗိုလ်ချုပ် ရာထူးတွင် သက်တမ်း ၆ နှစ် ပြည့်ပြီ ဖြစ်သော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြင့်ခြင်း မခံရသဖြင့် မူလ တာဝန်ယူထားသည့် တပ်မတော် ဒုတိယ လေ့ကျင့်ရေး အရာရှိချုပ် တာဝန်မှ အနားယူလိုက်ပြီဖြစ်သည်။
“ကျနော်ရဲ့ တပ်မတော်မှာ မူလတာဝန်ဆိုတာ ရှိတယ်။ အဲဒါက ဒုတိယတပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် တာဝန်ပါ။ အဲဒီ ကနေမှ ကျနော်ရဲ့ ဗိုလ်ချုပ် လုပ်သက် ၆ နှစ် ပြည့်တဲ့အတွက် အနားယူရပါတယ်။ အရန်အင်အား အနေနဲ့ ဆက်ရှိပါမယ်”ဟု ဗိုလ်ချုပ် စိုးနိုင်ဦးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။
သို့သော် သူ့ကို သီးခြား တာဝန်အဖြစ် တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ ဥက္ကဌ၊ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အကောင်အထည်ဖော်မှု ကော်မတီ (UPDJC)၏ အတွင်းရေးမှူးတာဝန်များကိုမူ ဆက်လက် ထမ်းဆောင်ရန် တပ်မတော်က ညွှန်ကြားထားသည်ဟု သိရသည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကလည်း “၂၀၁၆ ခုနှစ်မှာ ထုတ်ခဲ့တဲ့ စစ်မှုထမ်း စည်းမျဉ်းရှိတယ်။ စစ် မှုထမ်း စည်းမျဉ်းအရက အဆင့်လိုက် စစ်မှုထမ်းသက်တွေ သတ်မှတ်ထားတာ ရှိတယ်။ ဥပမာဆိုရင် ဗိုလ်ချုပ်အဆင့်ဆို ၆ နှစ်ပေါ့။ ဗိုလ်ချုပ်ရာထူးနဲ့ စတင် တာဝန်ထမ်းဆောင်စဉ်က ၆ နှစ် တာဝန် ထမ်းဆောင်ပြီးရင် အငြိမ်းစားယူရတာ ရှိတယ်”ဟု ရှင်းပြသည်။
ယခင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ ဒုတိယ ဥက္ကဌ တာဝန်ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ် အောင်ရဲဝင်းမှာလည်း ဗိုလ်ချုပ်ရာထူးမှ ဆက်လက် တိုးမြှင့်ခြင်း မခံရသဖြင့် လုပ်သက်ပြည့်သည့်အခါ တပ်မတော် အရန်အင်အားသို့ ပြောင်းရွေ့ခဲ့ရသည်။