မြန်မာနိုင်ငံအနှံ့အပြား၌ နိုဝင်ဘာလ ဒုတိယပတ်အတွင်း မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် မိုးရွာသွန်းမည့် အခြေအနေ ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ) က သိရသည်။
ကပ္ပလီ ပင်လယ်ပြင်တွင် လေဖိအားနည်းရပ်ဝန်း ဖြစ်ပေါ်မှုကြောင့် နိုဝင်ဘာလ ၆ ရက်တွင် မုန်တိုင်းငယ်အဖြစ် ရောက်ရှိ လာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။
ထို့ကြောင့် နိုင်ဝင်ဘာလ ၆ ရက်မှ စတင်ကာ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီ တိုင်း ဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာသွန်းမည် ဖြစ် ကြောင်း မိုး/ဇလက သိရသည်။
ထို့ပြင် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာမည်ဖြစ်ကြောင်း မိုး/ဇလက သိရသည်။

မိုး/ဇလ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦး က “၆ ရက်ကနေစပြီးတော့ ၁၁၊ ၁၂ လောက် အထိပေါ့။ မိုးကတော့ တိုင်းတော် တော်များများမှာ ရမယ်။ မုန်တိုင်းရဲ့ အကြွင်းအကျန် တိမ်တိုက်တွေက မြန်မာ နိုင်ငံထဲကို ဖြတ်ကျော်လာနိုင်တဲ့ အနေ အထားမျိုးရှိတဲ့ အတွက်ကြောင့် တနိုင်ငံလုံးမှာတော့ နေရာကျဲကျဲ တချို့နေရာတွေတော့ နေရာစိပ်စိပ်လောက် မိုးရွာနိုင် တယ်” ဟု ပြောသည်။
ဆက်လက်ပြီး ဦးကျော်မိုးဦး “အခု တွက်ချက်မှုအရဆိုရင်တော့ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်လောက်ကို ပြနေတယ်။ အိန္ဒိယဘက်ထဲကို ပိုများတယ်။ ပင်လယ်ထဲမှာ ဖြစ်နေတဲ့ အတွက်ကြောင့်မို့လို့ ပြောင်းလဲမှုက ဖြစ်နိုင်တယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသများတွင် လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျစဉ် ရေပြင်/ မြေပြင်လေသည် ၁ နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားသည်။