မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ နေအိမ်တလုံးအတွင်း ရက္ခိုင်စစ်တပ် (AA) နှင့် ဆက်နွယ်သည်ဟုဆိုသော ဖမ်းဆီးရ မိသူ ၆ ဦး အမှုကို လာမည့် နိုဝင်ဘာလ ၁၅ ရက်၌ တရားလိုဖြစ်သူ ဒုရဲမှူး ဇော်နိုင်အား စတင် စစ်ဆေးသွားမည် ဖြစ် သည်။
ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်း အပိုင်နယ်မြေအတွင်း၌ ၎င်းတို့ကို ဒီတိုနေတာ ၁ ထောင်၊ ယမ်းများနှင့် ရှရှား နိုင်ငံလုပ် မှန်ဘီလူးများ၊ ဆက်သွယ်ရေး ဖုန်းများ စသည့် ဖောက်ခွဲရေး ပစ္စည်းများနှင့် အတူ ဖမ်းမိခဲ့ပြီး နိုဝင်ဘာ ၄ ရက်က တတိယ အကြိမ်မြောက် ရုံးထုတ်ခဲ့ရာတွင် စစ်ဆေးမှုများကို မပြုလုပ်ခဲ့ဘဲ နိုဝင်ဘာလ ၁၅ ရက်သို့ ရုံးချိန်း ပြန်လည် ချိန်း ဆိုခဲ့ကြောင်း ခရိုင်တရားရုံးက ဆိုသည်။
မန္တလေးခရိုင် တရားရုံးမှ သတင်းပြန်ကြားရေး အရာရှိ ဒေါ်အေးအေးမြင့်က “ဒီနေ့ တရားလိုနဲ့ တရားခံဘက်ကို နှစ်ဖက် ညှိ နှိုင်းပြီးတော့ ရုံးချိန်း သတ်မှတ်ပေးခဲ့တာ ဖြစ်ပါတယ်၊။ လာမည့် ရုံးချိန်မှာ တရား လို ဒုရဲမှူး ဇော်နိုင်ကို စတင် စစ်ဆေးသွား မှာ ဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ၆ ဦးကို အောက်တိုဘာ ၈ ရက်က မန္တလေးခရိုင် တရားရုံးတွင် အမှတ်(၁၁) နယ်မြေရဲစခန်းမှ စခန်းမှူး ဒုရဲမှူး ဇော် နိုင်က တရားလိုပြုလုပ်၍ တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။
ဖမ်းဆီးခံရသူများထဲမှ ကျော်ကျော်ဖြိုး(ခ)ဆံရှည်၏ ရှေ့နေ ဦးမျိုးမင်းဇော်က “ဒီအမှုအပေါ်မှာတော့ ကျနော် အကောင်းဆုံး စစ်ဆေးသွားမှာပါ။ ဆုံး ဖြတ်တာကတော့ တရားရုံးက ဆုံးဖြတ်မှာပါ။ ကျနော့်ရဲ့အမှုသည်က ဂိတ်မှူး တယောက် ဖြစ်တယ် ဆိုတာကို ပေါ်ပေါက် နေတာ ဖြစ်တာကြောင့် ဒီအပေါ်မှာတော့ ကျနော် အကောင်းဆုံး စစ်ဆေးသွားမှာပါ” ဟု ပြောသည်။
ဖမ်းဆီးရမိသူများကို အမှတ်(၁၁)နယ်မြေရဲစခန်းတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)၊ ၅၁(ဂ) ဖြင့် အမှု ဖွင့်ခဲ့ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ-၅၁(ဂ)၊ ၅၂(က)နှင့် မန္တလေးခရိုင် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကာ အဆိုပါ အမှုတွင် တရားလို ဒုရဲမှူး ဇော်နိုင် အပြင် တရားလိုပြသက်သေ ၂၃ ဦး တင်သွင်းထားကြောင်း သိရ သည်။
ဆက်စပ်ဖတ်ရှုရန် – မန္တလေးတွင် AA နှင့် ဆက်စပ်သည်ဟုဆိုသူ ၆ ဦးကို ရုံးထုတ်စစ်ဆေး