သတင်းတို

Natural Garment စက်ရုံ ပိတ်သိမ်းမှု တိုင်းအစိုးရနှင့် ညှိနှိုင်းမှုများ ပြုလုပ်နေ

ရန်ကုန်တိုင်း ဒေသကြီး ရွှေလင်ဗန်း စက်မှုဇုန်ရှိ အမေရိကန်နိုင်ငံသားပိုင် Natural Garment အထည်ချုပ် စက်ရုံပိုင်ရှင်မှ အလုပ်သမားများကို အသိမပေးဘဲ စက်ရုံ ပိတ်သိမ်းခဲ့ခြင်း အပေါ် တိုင်းအစိုးရနှင့် သပိတ်မှောက် အလုပ်သမားများ ညှိနှိုင်း မှုများ ပြုလုပ်နေကြောင်း သိရသည်။

ယနေ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံးရှေ့သို့ အဆိုပါ အထည်ချုပ်စက်ရုံမှ အလုပ်သမားအင်အား ၅၀၀ ကျော်ဖြင့် တောင်းဆို မှုများ ပြုလုပ်ခဲ့ကြသည်။

ယခုလို အစိုးရရုံးရှေ့သို့ ပထမအကြိမ် စုပေါင်း လာရောက် တောင်းဆိုစဉ်က စက်ရုံပိုင်ရှင်ဘက်မှ စက်ရုံကို မပိတ်သိမ်းပါ ဆိုသည့် အာမခံချက်နှင့် အတူ ပိတ်သိမ်းမည် ဆိုပါက လျော်ကြေးကို ထိုက်ထိုက်တန်တန် ပေးရန် ဝန်ကြီးချုပ် ကိုယ်တိုင် ညွှန်ကြားခဲ့သော်လည်း အလုပ်သမားများကို ကြိုတင် အသိမပေးဘဲ ရုတ်တရက် ပိတ်သိမ်းလိုက်ခြင်း ဖြစ် ကြောင်း အဆိုပါ စက်ရုံ လုပ်သား ကိုရဲလင်းအောင်က ပြောသည်။

ထိုစက်ရုံသည် ပြီးခဲ့သည့် ဧပြီလမှ စတင်ကာ အလုပ်ရှင်ဘက်က အငြင်းပွားမှု ဥပဒေပါ အချက်များကို ချိုးဖောက်ခြင်း၊ အချိန်ပိုကြေး၊ စွမ်းဆောင်ရည်ကြေးများကို လျှော့ချခြင်းများကြောင့် အလုပ်ရှင်နှင့် အလုပ်သမားကြား ဆက်ဆံရေး တင်းမာလျက်ရှိခဲ့ပြီး ယခု နောက်ဆုံးတွင် အလုပ်ရှင်ဘက်က ကြိုတင် အသိပေးခြင်း မရှိဘဲ စက်ရုံ ပိတ်သိမ်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၆ လခန့်ကတည်းက အောက်ခြေအဆင့် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် သဘောတူညီချက်များကို အလုပ် ရှင်ဘက်မှ အကြိမ်ကြိမ် ချိုးဖောက်နေခြင်းကို တိုင်းအစိုးရ၏ အလုပ်သမားရေးရာ ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြေလည်အောင် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း အလုပ်သမားများက ဆိုသည်။

ကိုရဲလင်းအောင်က “ဝန်ကြီးချုပ်က ဒီတခါမှ ခိုင်မာတဲ့ အဖြေတခုကို ညှိနှိုင်းမပေးနိုင်ဘူး ဆိုရင်၊ ထိထိရောက်ရောက် လုပ် မပေးနိုင်ဘူး ဆိုရင် ကျနော်တို့ နေပြည်တော်အထိ တက်မယ်လို့ ဆုံးဖြတ်ထားတယ်။ အခုလို အလုပ်သမားတွေ စုဝေးပြီး ဒီလို ပြည်သူတွေ ဒုက္ခရောက်နေတာကို တာဝန်ရှိသူတွေက ဆုံးဖြတ် မပေးနိုင်တာကို ရတဲ့နည်းနဲ့ သမ္မတဆီ အထိသွား မှာဖြစ်တယ်” ဟု ဆိုသည်။

အဆိုပါ စက်ရုံသို့ လာရောက် အလုပ် လုပ်ကိုင်ကြသူများမှာ ရန်ကုန်မြို့ ဇာတိဖြစ်သူများထက် မကွေးတိုင်း ၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရခိုင်ပြည်နယ် စသည့် အလုပ်အကိုင် အခွင့် အလမ်း ရှားပါးသော ကျေးရွာများမှ လာရောက် လုပ်ကိုင်ကြသူ အများစု ဖြစ်ကြပြီး စုစုပေါင်း အလုပ်သမား ၂ ထောင်ခန့် ရှိကြောင်း သိရသည်။

လက်ရှိတွင် တိုင်းအစိုးရအဖွဲ့မှ တာဝန်ရှိသူများနှင့် အလုပ်သမား ခေါင်းဆောင် ၅ ဦးတို့ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်လျက် ရှိသည်။

Loading