နေပြည်တော်သို့ လွှတ်တော်တက်ရောက်ရန် ထွက်လာစဉ် နိုဝင်ဘာလ ၃ ရက်နေ့က လမ်းခရီး၌ အဖမ်းခံခဲ့ရသည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုသည့် အရေးကြီးအဆိုတခုကို ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် စတင် ဆောင်ရွက်နေပြီ ဖြစ်သည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ လှမိုးက အထက်ပါ အတိုင်း အရေးကြီးအဆို တရပ်တင်သွင်း တောင်းဆိုလိုက်ခြင်းကို လွှတ်တော် နာယက ဖြစ်သူ ဦးတီခွန်မြတ်က အဆိုကို လက်ခံရန် သင့်၊ မသင့်နှင့် ပတ်သက်ပြီး ယနေ့ မွန်းလွဲပိုင်း သင့်တော်သည့် အချိန်တွင် ဆောင်ရွက်ပေးမည် ဟု ဆိုသည်။
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခြင်းသည် နိုင်ငံတော်က ဆောင်ရွက်နေသည့် အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတို့အပြင် ပြည်သူလူထုဆန္ဒနှင့် ကိုယ်စားပြုမှုအပေါ် တိုက်ရိုက်ဆန့်ကျင် အကြမ်းဖက်ခြင်း ဖြစ်ကြောင်း အဆိုတင်သွင်းသူ ဒေါက်တာ လှမိုးက ပြောသည်။
“ပြည်ထောင်စုလွှတ်တော်က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် ယခုကဲ့သို့ ဦးဝှေ့တင်းနှင့်တကွ ဝန်ထမ်းများ၊ အရပ်သားများကို ဖမ်းဆီးခြင်းမှာ လုံခြုံစိတ်ချ အန္တရာယ်ကင်းရှင်းစွာ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွှတ်ပေးပါရန် တောင်းဆိုကြောင်း အရေးကြီး အဆိုဖြစ်ပါတယ်” ဟု ယနေ့ ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ဒေါက်တာလှမိုးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီး ထိမ်းသိမ်းခဲ့သည့် AA အဖွဲ့ ၏ လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်းနှင့် ဦးဝှေ့တင်းအား အမြန်ဆုံးပြန်လွှတ်ပေးရန် နိုဝင်ဘာလ ၉ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန် တောင်းဆိုထားသည်။
နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ချင်းပြည်နယ်ရှိ ပလက်ဝ၊ ကန်ပက်လက်၊ မတူပီ၊ မင်းတပ်၊ ဟားခါးမြို့အခြေစိုက် ချင်းအရပ်ဖက်အဖွဲ့အစည်းများ၊ မီဒီယာအဖွဲ့များ၊ ဘာသာရေးဆိုင်ရာအဖွဲ့များ၊ ရန်ကုန်မြို့၊ စစ်ကိုင်းတိုင်း ကလေးမြိုအခြေစိုက် ချင်းလူငယ်အဖွဲ့များ၊ ချင်းကျောင်းသားအဖွဲ့များ၊ ချင်းအမျိုးသမီး အဖွဲ့များနှင့် ချင်းလူမှုကူညီရေးအဖွဲ့ပေါင်း ၄၃ ဖွဲ့က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရန် ကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့ပြီး ဖြစ်သည်။
ဧရာဝတီသတင်းဌာနမှ နိုဝင်ဘာလ ၄ ရက်နေ့က အင်တာဗျူးတွင် ခိုင်သုခက“ဦးဝှေ့တင်းကိုတော့ လုံခြုံရေးအရ စစ်ဆေးစရာတွေ ရှိသေးတဲ့အတွက် ဆက်ပြီးတော့ ထိန်းသိမ်းထားတာပါ”ဟု ပြောဆိုခဲ့သည်။