ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော ဒုက္ခသည်များအတွက် တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုက အလှူငွေ ကျပ် သိန်း ၅၀၀၀ ကို ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ထံသို့ ယနေ့ ပေးအပ် လိုက် ကြောင်း သိရသည်။
ယင်းအလှူငွေ ပေးအပ်ပွဲကို ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့ရှိ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးတွင် ကျင်းပပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က ပေးအပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန် ရှိသူများက လက်ခံခဲ့ကြောင်း တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
“အလှူငွေ သိန်း ၅၀၀၀ ကိုတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ကိုယ်စား ပြည်နယ် ဝန်ကြီးတွေ ဖြစ်တဲ့ ဦးကျော်အေး သိန်း၊ ဦးဝင်းမြင့်နဲ့ ဦးကျော်လွင်တို့က လက်ခံရယူပါတယ်။ ဘဏ္ဍာအခွန် ဝန်ကြီး ဦးကျော်အေးသိန်းက ကျေးဇူးတင် စကား ပြန်လည်ပြောကြားတာ ရှိပါတယ်”ဟု ၎င်းက ပြောပြသည်။
ရခိုင်ပြည်နယ်တွင် ထိတွေ့ တိုက်ခိုက်မှုများ ဖြစ်ပွားနေသော်လည်း AA နှင့် တိုင်းရင်းသား ပြည်သူလူထုကို အမြဲတမ်း ခွဲခြားပြီး မြင်ကြောင်း၊ တဖက်တွင် နယ်မြေ တည်တံ့ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ ကြံ့ခိုင်ရေးအတွက် ဆောင်ရွက် နေသော်လည်း တဖက်တွင် ပြည်သူကို ကြည့်ရှုစောင့်ရှာက်ရမည် ဆိုသည့် ရည်ရွယ်ချက်ဖြင့် လှူဒါန်းရခြင်း ဖြစ်သည် ဟု ဆိုသည်။
“ဒါက ရခိုင်မှာ ပထမဆုံး အကြိမ်ပါ။ တပ်မတော်အနေနဲ့ တခြားနေရာတွေမှာ လှူဖူးပါတယ်။ ကျန်တဲ့တိုင်းတွေမှာ တိုင်း စစ်ဌာနချုပ် အလိုက် ကူညီထောက်ပံ့တာတွေ ရှိပါလိ့မ်မယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်၏ အလှူကို ကြိုဆိုကြောင်း၊ ကောင်းသောလုပ်ရပ်၊ ကောင်းသော လက္ခဏာတရပ်ဖြစ်ကြောင်း၊ သို့သော် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ယခုပုံစံဆိုလျှင် လှူ၍ပြီးမည် မဟုတ်ကြောင်း၊ နောက်ဆုံး အကြံပြုချင်သည် မှာ တိုက်ပွဲများ အဆုံးသတ်စေလိုကြောင်း ရခိုင်အမျိုးသား ပါတီမှ ဗဟိုအလုပ်မှုဆောင် ဦးဖေသန်းက ပြောဆိုသည်။
“ရခိုင်ပြည်နယ် အခြေအနေက တဖြည်းဖြည်းနဲ့ ပိုဆိုးလာတယ်။ ဒုက္ခသည်တွေကို ကယ်ဆယ်ရုံလောက်နဲ့တော့ ပြီးမှာ မဟုတ်ဘူး။ စစ်ပွဲတွေကို အမြန်ဆုံး ရပ်စဲမှ ရမယ်။ တပ်မတော်က လှူတယ်ဆိုတော့ တပ်မတော်အနေနဲ့ AA နဲ့ ဆွေးနွေး ဖို့ နဲ့ ငြိမ်းချမ်းရေးတံခါး ဖွင့်ပေးစေချင်တယ်”ဟုလည်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်များတွင် တပ်မတော်နှင့် ရက္ခိုင့် စစ်တပ် (AA) တို့ကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာပြီး စစ်ရှောင်ဒုက္ခသည်များလည်း ပိုမိုများပြားလာနေကြောင်း သိရသည်။
တပ်မတော်နှင့် AA တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလမှစ၍ နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေမှုသည် တနှစ်နီးပါး အထိ ကြာမြင့်လာပြီ ဖြစ်ပြီး နှစ်ဘက် ထိခိုက် ကျဆုံးမှုလည်း ပိုမို များပြားလာလျက် ရှိသည်။
လက်ရှိ ဖြစ်ပွားနေသော ရခိုင်မြောက်ပိုင်း တိုက်ပွဲများသည် အချိန်ကြာလာသည်နှင့်အမျှ အရပ်သား ထိခိုက်သေဆုံး၊ နှစ်ဘက်တပ်များ၏ ဖမ်းဆီးခံရမှုများလည်း တနေ့ထက်တနေ့ များပြားလျက်ရှိကာ စစ်ပွဲဧရိယာလည်း တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
စစ်ရှောင် ဒုက္ခသည်များသည်လည်း ရခိုင်ပြည်နယ်တခုလုံးတွင် တသိန်းနီးပါး ရှိလာပြီ ဖြစ်ကြောင်း ဒေသတွင်း သတင်း အချက်အလက်များ အရ သိရသည်။
You may also like these stories:
AA ဖမ်းဆီးထားသည့် ချင်းအမတ်ကို ပြန်ကယ်ရန် ကြိုးစားနေဟု တပ်မတော်ပြော
အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး
AA အဖွဲ့ ၏ နည်းပညာသုံး တိုက်ခိုက်မှုများကြောင့် လုံခြုံရေး ပိုဂရုစိုက်ရမည်ဟု တပ်မတော် ပြော