မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ် ခမောင်းဆိပ်ရွာ အနီးတွင် ယမန်နေ့ မနက် ၉ နာရီခန့်က တပ်မတော်နှင့် ARSA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားရာ ARSA ဘက်မှ အလောင်း ၂ လောင်းနှင့် အရှင် ဖမ်းမိသူ ၃ ဦး ရှိကြောင်း သိရသည်။
ရခိုင်မြောက်ပိုင်းတွင် တပ်မတော်နှင့် AA တိုက်ပွဲများ ဖြစ်ပွားနေစဉ် အကြမ်းဖက်အဖွဲ့ ARSA ကပါ လှုပ်ရှားလာပြီး ယခုကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မနေ့က ၉ နာရီ ဝန်းကျင်မှာ မောင်တောမြို့နယ် ခမောင်းဆိပ်ကျေးရွာ အနောက်ဘက် မီတာ ၄၅၀၀ လောက်မှာ ဘင်္ဂလားဒေ့ရှ် နယ်စပ်နဲ့ နီးနေပါပြီ။ ARSA ၈ ယောက် တွေ့ရှိရတယ်။ သူတို့ကတော့ သေနတ်နဲ့ စပြီး ပစ်တာပေါ့။ ဒီဖက်ကလည်း ပစ်ခတ် ဖမ်းဆီးတာပေါ့။ အဲဒီမှာ ARSA အလောင်း ၂ လောင်း ရလိုက်တာ ရှိတယ်။ ၃ ယောက် ဖမ်းမိတယ်”ဟု ပြောသည်။
ယင်းတိုက်ပွဲတွင် တပ်မတော်ဘက်မှ ထိခိုက်မှု မရှိကြောင်း၊ ပြီးခဲ့သည့်လကလည်း ယင်းနေရာ အနီးတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။
“ဖမ်းမိတာက လက်နက်က ၁ လုံးထိုး သေနတ်တလက်၊ တူမီး သေနတ် ၁ လက်၊ ကျည် ၄ တောင့်၊ ဆွဲမိုင်းတလုံး၊ ဆွဲမိုင်းဆိုတာ လက်လုပ်မိုင်း၊ ဖုန်း ၁ လုံး ရရှိခဲ့တာ ရှိတယ်။ သူတို့ကို နယ်ခြားစောင့် ရဲစခန်းဖြစ်တဲ့ အောင်သူနယ်မြေ ရဲစခန်းမှာ အမှုဖွင့်ထားတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က ရခိုင်ပြည်နယ် အနောက်ဘက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ပစ် ခတ်မှုတွင် နယ်ခြား စောင့် ရဲတပ်ဖွဲ့ဝင် ၂ ဦး နှင့် နယ်စပ်ခြံစည်းရိုး ကာရန်နေသည့် တပ်မတော်အင်ဂျင်နီယာတပ် (GE) မှ ဝန်ထမ်း ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ဖူးသည်။
ARSA သည် မြန်မာ-ဘင်္ဂလားဒေ့ရှိ နယ်စပ်တွင် လှုပ်ရှားနေသည့် အဖွဲ့ ၁ ခု ဖြစ်ပြီး အစိုးရက ၎င်းတို့ အဖွဲ့ကို အကြမ်းဖက် အဖွဲ့ အစည်းအဖြစ် ကြေညာထားသည်။
You may also like these stories:
ဘင်္ဂလားဒေ့ရ်ှမှ ပြန်လာသူ ၂၆ ဦးတွင် ARSA အဖွဲ့ဝင် ၁ ဦးပါလာ
မောင်တော မြောက်ပိုင်း၌ ခိုးဝင် ဘင်္ဂါလီ ၃ ဦ ဖမ်းမိ၊ ရဲတပ်ဖွဲ့ စစ်ဆေးနေ