မန္တလေးတွင် ဖောက်ခွဲရေးပစ္စည်းများနှင့် ဖမ်းမိခဲ့သည့် AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်နေသည်ဆိုသော ၆ ဦး အမှုကို ယနေ့ ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့ရာ တရားလိုပြသက်သေ ရဲအုပ်ရဲဝင်း မန္တလေးခရိုင်တရားရုံးတွင် စစ်ဆေး သည်။
အဆိုပါ ဖမ်းဆီးမိသူများထဲတွင် AA တပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း ဒုအရာခံဗိုလ် အောင်လင်းထက် (ခ) လင်းထက် (ခ) ကျော်သူရ၊ ဒုတပ်ကြပ် ချမ်းငြိမ်း၊ ဒုတပ်ကြပ် မြတ်ခိုင် တို့ဖြစ်ကြောင်း တခြားသောသူများမှာ ကျောက်အရောင်းအဝယ် လုပ်ကိုင်သည့် မိုးကျော် (ခ) ဦးမိုးကျော်၊ ဦးဝင်းသိန်း၊ ကားဂိတ်မှ ဂိတ်မှူး ကျော်ကျော်ဖြိုး (ခ) ကိုဖြိုး တို့ဖြစ်ကြောင်း သိရသည်။
“AA အဖွဲ့က ဖမ်းဆီးရမိတဲ့သူတွေရဲ့အမှု ဒီနေ့ရုံးချိန်းမှာ သတ်မှတ်ထားတဲ့ ရဲအုပ်ရဲဝင်းကို စစ်ဆေးပါတယ်၊ နောက်ရုံး ချိန်းကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့ပါ၊ အဲဒီနေ့မှာတော့ ရဲအုပ်ထွန်းထွန်းကို စစ်ဆေးမှာဖြစ်ပါတယ်” ဟု မန္တလေးခရိုင် တရားရုံးမှ သတင်းပြန်ကြားရေးအရာရှိ ဒေါ်မာလာထွဋ်က ပြောသည်။
ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၆ဦးကို အောက်တိုဘာ ၈ ရက်နေ့က မန္တလေးခရိုင်တရားရုံးတွင် အမှတ်(၁၁) နယ်မြေရဲစခန်းမှ စခန်းမှုးဒုရဲမှုးဇော်နိုင်က တရားလိုပြုလုပ်၍ တရားစွဲဆိုတင်ပို့ခဲ့ခြင်းဖြစ်သည်။
တရားစွဲဆို တင်ပို့ခံရသူများကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁) ရဲစခန်းအပိုင်နယ်မြေအတွင်းရှိ နေအိမ်တလုံးတွင် ဒီတိုနေတာ တထောင်၊ ယမ်းများနှင့် ရှရှားနိုင်ငံလုပ် မှန်ဘီလူးများ၊ ဆက်သွယ်ရေးဖုန်းများ စသည့် ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
ယနေ့ ရုံးချိန်းတွင် တရားစွဲဆိုတင်ပို့ခံရသည့် ၆ဦးအနက်မှ ၃ဦးမှာ ရှေ့နေငှားရမ်းခြင်းမရှိသေးဘဲ အမှုတွဲမှ နံပါတ် ၅ တရားခံ ဦးဝင်းသိန်းဘက်မှ ရှေ့နေတဦး ထပ်မံပါဝါတင်ခဲ့ကြောင်း သိရသည်။
“ရှေ့နေမငှားရမ်းရသေးတဲ့ ၃ဦးအတွက် ရှေ့နေပါဝါတင်ထားခြင်းမရှိပါဘူး၊ ဒီနေ့ရုံးချိန်းမှာ စွပ်စွဲခံရသူ ၃ဦးက ရှေ့နေ ငှားရမ်းထားကြောင်းလည်း တင်ပြလာခြင်းမရှိပါဘူး၊ ဒီနေ့ ဒေါ်အေးနုစိန် တရားလွှတ်တော်ရှေ့နေက ကိုယ်စားလှယ် စာတင်တာက နံပါတ်၅ တရားခံ ဦးဝင်းသိန်းအတွက် တင်ခြင်းဖြစ်ပါတယ်၊ ၅ တရားခံဦးဝင်းသိန်းက ယခင်ကလည်း ရှေ့နေငှားရမ်းထားပြီးဖြစ်ပါတယ်၊ ထပ်ပြီးတော့ ဒေါ်အေးနုစိန်ကနေ ကိုယ်စားလှယ်ပါဝါတင်လာခြင်းဖြစ်ပါတယ်”ဟု ဒေါ်မာလာထွဋ်က ဆက်လက်ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၀ရက်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၅)ရပ်ကွက်၊ လမ်း ၇၀၊ဒဿနလမ်း၊ အမှတ်(က-၅/၇၇) နေအိမ်တွင် AA လက်နက်ကိုင်အဖွဲ့ဝင်များ ရောက်ရှိနေကြောင်း သတင်းရ၍ ရဲတပ်ဖွဲ့ဝင်များက သက်သေများ နှင့် ဝင်ရောက်ရှာဖွေရာ ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်နယ်၊ ပြည်လမ်း၊ အမှတ် ၆၇၈ နေ အောင်လင်း၊ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ စပါးဆိပ်ရပ်နေ ဦးမြတ်ခိုင်၊ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ပင်ရောက်ကျေးရွာနေ ချမ်းငြိမ်းတို့ ၃ဦးအား တွေ့ရှိသည့်အတွက် စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။
အဆိုပါနေအိမ်အပေါ်ထပ်အခန်းအတွင်းအား ဆက်လက်ရှာဖွေရာ ယမ်းတုံးဟုယူဆရသော အထုပ်(၂၈)ထုပ်၊ ဒီတိုနီ တာ ၁၀၀ထုပ်ပါ(၁၀)ခု၊ ဖယောင်းချောင်း ၃၅ ချောင်း၊စက္ကူဖြူ ၁၅ လိပ်ပါ (၃)ထုပ်၊ ယမ်းဖြူဟုယူဆရ သော(ဆာလာအိတ်ဖြင့်ထည့်လျက်) ၅ အိတ်နှင့် စက္ကူညို (၁)ထုပ်နှင့်အတူ THLIRAYA XT-ITTE. Satellite Phone (အသစ်) လုံးရေ(၄၀)၊ မှန်ပြောင်း (BAIGISH) made in RUSSIA(၃၀)ခု၊ GARMIN (GPS+GLONASS) (၂၅)လုံးတို့ ကို ရှာဖွေသိမ်းဆည်းရမိခဲ့ခြင်းဟု သိရသည်။
ထိုသို့ စစ်ဆေးမှုများ ပြုလုပ်နေစဉ် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ ချင်းစိပ်ကျေးရွာနေ ဖိုးကျော်ဆိုသူ ရောက်ရှိ လာ သဖြင့် လေးဦးမြောက်အဖြစ် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း ၎င်း၄ ဦးအား မှုခင်းအထူးတပ်ဖွဲ့နှင့် သတင်းတပ်ဖွဲ့တို့က ဆက်လက်စစ်ဆေးခဲ့ရာ နောက်ဆက်တွဲအဖြစ် ဝင်းသိန်း၊ ကျော်ကျော်ဖြိုး(ခ)ဆံရှ ည်တို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့ပြီး ၃ဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက်များအရ သိရသည်။
တရားခံပြေးအဖြစ် သတ်မှတ်ထားသော ဖမ်းဆီးရန်ကျန်ရှိနေသည့် တရားခံပြေးသုံးဦးမှာ ဖြိုးဝေ (ခ) ကိုဖြိုး၊ မောင်မောင်စိုး နှင့် မဦးသန်းခင် တို့ ဖြစ်ပြီး မန္တလေးခရိုင်တရားရုံး၏ ရာဇဝတ် အထွေထွေမှုအမှတ် ၇၄/၂၀၁၉ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်သည်။
You may also like these stories:
ရခိုင် စစ်ဘေးရှောင်များ အတွက် တပ်မတော် ကျပ် သိန်း ၅၀၀၀ လှူ
AA အဖွဲ့ဝင်ဟု သံသယ ရှိသဖြင့် အရပ်သား ၂၅ဦးကို ထိန်းသိမ်းထား
ရခိုင်အသင်း(စင်ကာပူ)အမှု ၊ AA နှင့်ပတ်သက်သည့် သက်သေခံနှစ်ခု တရားရုံးလက်ခံ