မန္တလေးခရိုင် တရားရုံးသို့ အချုပ်တရားခံများ ပို့ဆောင်ရန် မောင်းနှင်လာသည့် အချုပ်ကားသည် မန္တလေးမြို့ အောင်မြေ သာစံမြို့နယ် ၂၆ လမ်း၊ ၆၅လမ်းနှင့် ၆၆ လမ်းကြား အရောက် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ တဦး မှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
နန်းတော်ရှေ့လူမှု ကယ်ဆယ်ရေး အဖွဲ့မှ ဦးသိန်းထွန်းအောင်က “ကျနော်တို့ သတင်းရပြီးတာနဲ့ သွားခဲ့တာ၊ ရောက်တော့ ကားနဲ့ဆိုင်ကယ်နဲ့ ညပ်နေတာကို ထုတ်တယ်။ အချုပ်သားတွေနဲ့ ရဲတွေ ပွန်းပဲ့ဒဏ်ရာရတာတွေကို ပြုစုပြီး တော့ ဆေးရုံ ကို ပို့ပေးခဲ့ပါတယ်။ ဆိုင်ကယ်မောင်းတဲ့ အမျိုးသမီးက စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။ ဆိုင်ကယ်က ကား အောက်ကို ရောက်သွားတာကြောင့်ပါ” ဟု ပြောသည်။
ကျောက်ဆည်မြို့မ ရဲစခန်းမှ ရဲအုပ်တဦး ဦးစီး၍ စုစုပေါင်း ၁၈ ဦးဖြင့် မန္တလေးခရိုင် တရားရုံးသို့ အချုပ်သားများ ပို့ဆောင် ရန် လာရောက်စဉ် ၂၆ လမ်း၊ ၆၅ လမ်းနှင့် ၆၆ လမ်းကြား အရောက်၌ အချုပ်ကားသည် ကားတစီးအားကျော်ရာမှ အရှိန် လွန်သွားကာ လမ်းဘေးရှိ သစ်ပင်အား ဝင်တိုက်ခဲ့ခြင်းကြောင့် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရခြင်းဟု သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားချိန်၌ အချုပ်ကားနောက်မှ ကပ်ပါလာသည့် အမျိုးသမီးမောင်းနှင်သည့် ဆိုင်ကယ် တစီးမှာလည်း အချုပ်ကားအား ထပ်မံ တိုက်မိပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သလို ကျောက်ဆည်မြို့မ ရဲစခန်းက ရဲတပ် သား ၃ ဦး၊ အချုပ်သား ၇ ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာသို့ အောင်မြေသာစံမြို့နယ် မီးသတ်တပ်ဖွဲ့၊ နန်းတော်ရှေ့ လူမှုကယ်ဆယ် ရေးအဖွဲ့များက သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ပေးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများကို မန္တလေး အထွေ ထွေ ရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။
ယခုအခါ အဆိုပါ ယာဉ်တိမ်းမှောက်မှု အတွက် စစ်ဆေး ဆောင်ရွက်မှုများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
ရခိုင် တိုက်ပွဲတွေကြားက မြေစာပင်များ
မန္တလေးရှိ ဖိနပ် အရောင်းဆိုင် တဆိုင်မှ လေသေနတ်များနှင့် ကျည်ဆန်များ ဖမ်းမိ
ရဲ တပ်ဖွဲ့ ရိုက်နှက်၍ သေဆုံးသည် ဆိုသော အငှားယာဉ်မောင်း အမှု ကြန့်ကြာနေ