သတင်းတို

နောက်သုံးလေးရက် အထိ ဆက်လက် အေးဦးမည်

Want create site? Find Free WordPress Themes and plugins.

တရုတ် – တိဗက် လေအေး ရပ်ဝန်း အားကောင်းမှုကြောင့် အအေးပိုနေခြင်းဖြစ်ပြီး ပြည်တွင်း၌ လာမည့် သုံးလေးရက် အထိ ဆက်လက် အေးနေမည့် အခြေအနေရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန (မိုး/ဇလ)မှ သိရသည်။

မိုး/ဇလ ဒုတိယ ညွှန်ကြားရေးမှူး ဦးလှထွန်းက“ပူလာတဲ့ ရာသီဥတုကနေ ရုတ်ချည်း အေးလာတဲ့ အခါကျတော့ အေးပါ လား ဆိုပြီးတော့ ခံစားရတာပေါ့။ နောက် လာမယ့် ၃၊ ၄ ရက်လောက် အထိ အအေးဓာတ်ကတော့ ရနေဦးမှာပဲ”ဟု ပြော သည်။

ဆောင်းရာသီ ကာလအတွင်း ပုံမှန်အားဖြင့် တရုတ်-တိဗက်ဒေသတွင် လေအေး ရပ်ဝန်းတခု၊ ဟိမဝန္တာတွင် လေအေး ရပ်ဝန်း တခု ဖြစ်လေ့ရှိသဖြင့် အဆိုပါ လေအေးရပ်ဝန်းများ တိုးဝင်ရာ နေရာတိုင်းတွင် အအေးပိုလေ့ရှိကြောင်း မိုး/ဇလ မှ သိရသည်။

အထူးသဖြင့် ဒီဇင်ဘာနှင့် ဇန်နဝါရီလများတွင် အားကောင်းလေ့ရှိပြီး ယခုနှစ်အတွင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊  ကယား ပြည်နယ်၊ ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီး တို့တွင် အအေး ပိုခဲ့ကြောင်း မိုး/ဇလ က ပြောသည်။

ဦးလှထွန်းက“အထူးသဖြင့်တော့ လက်ရှိမှာ အားအကောင်းဆုံးက တရုတ် တိဗက်က အားအကောင်းဆုံး ဖြစ်နေတယ်။ အရင်နှစ်တွေက မရှိဘူးလားဆိုတော့ ရှိတယ်။ အရင်နှစ်တွေက ဆောင်းရာသီမှာ ကုန်းမြေပေါ်မှာ လေအေးရပ်ဝန်းတွေ ရှိတယ်။ ပင်လယ် ေတောင်ဘက်မှာက လေနွေးတွေ ရှိတယ်။ ဒီနှစ်တွေက လေနွေးတွေက ဒီဘက်ကို သိပ်မလာနိုင်ဘူး၊ အားသိပ်မကောင်းဘူး ဖြစ်နေတယ် လေအေးက ပိုပြီး အားကောင်းနေတယ်”ဟု ပြောပြသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၉ ဒီဂရီစင်တီဂရိတ်၊ ကယားပြည်နယ်တွင် ဒီဇင်ဘာ လ ၏ ပျမ်းမျှအပူချိန်အောက် ၇ ဒီဂရီစင်တီဂရိတ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်း နှင့် ကရင် ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၅ ဒီဂရီ စင်တီဂရိတ်မှ ၆ ဒီဂရီ စင်တီဂရိတ် အထိ ရှိကြောင်း မိုး/ဇလ မှ ထုတ်ပြန်ထားသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒီဇင်ဘာလ၏ ပျမ်းမျှအပူချိန်အောက် ၃ ဒီဂရီစင်တီဂရိတ်မှ ၄ ဒီဂရီစင်တီဂရိတ်အထိ ရှိကြောင်း သိရသည်။ 

ထူးခြားသည့် အပူချိန်များအဖြစ် ဟဲဟိုးမြို့တွင် ၀ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့နှင့် မိုင်းယန်းမြို့တို့တွင် ၂ ဒီဂရီ စင်တီဂရိတ်စီ၊ ပင်လောင်းမြို့၊ ကျိုင်းတုံမြို့၊ မိုင်းဆတ်မြို့နှင့် မိုးကုတ် မြို့တို့တွင် ၃ ဒီဂရီစင်တီ ဂရိတ်စီနှင့် လားရှိုးမြို့၊ ကျောက်မဲမြို့၊ ပြင်ဦးလွင်မြို့နှင့် လွိုင်ကော်မြို့တို့တွင် ၄ ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြောင်း မိုး/ဇလ က ထုတ်ပြန်ထားသည်။

You may also like these stories:

ဆောင်းတွင်းမှာ အရမ်းအေးတဲ့ နိုင်ငံတွေဆီ ခရီးသွားမယ်ဆိုရင်

အာရှတိုက်ရဲ့ “ဆီးနှင်းမြို့တော်” စာရင်းမှာ မြန်မာနိုင်ငံက ပူတာအို ပါဝင်

အာတိတ် လေအေးများကြောင့် အမေရိကန်မှာ စံချိန်တင် အပူချိန် ကျဆင်းနေ

Did you find apk for android? You can find new Free Android Games and apps.
Loading