သတင်းတို

နိုင်ငံတကာအင်ဂျင်နီယာအသင်းချုပ်၏ ကော်မတီတွင် တာဝန်ယူရန် မြန်မာ အဆိုပြုခံရ

နိုင်ငံတကာ အင်ဂျင်နီယာ အသင်းချုပ်၏ ပညာရေး ကော်မတီတွင်၂၀၂၀ မတ်လမှ စတင်ပြီး ၄ နှစ်တာကာလ တာဝန်ယူ ရန် မြန်မာနိုင်ငံကို အဆိုပြုခံခဲ့ရကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီက သိရသည်။

မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီ ဥက္ကဋ္ဌ ဦးချာလီသန်းက “Standing Committee for Engineering Education နဲ့ ပတ်သက်ပြီး တာဝန်ယူဖို့ အဆိုပြုကြတယ်။ ဘယ်တော့ အတည်ပြုမလဲ ဆိုရင်၂၀၂၀ မတ်လ ပဲရစ်မှာ လုပ်မယ့် အစည်း အဝေး ကြီးမှာ အတည်ပြုမယ်။ အတည်ပြုပြီးရင် မြန်မာနိုင်ငံက လေးနှစ်တာ ကာလ ဆောင်ရွက်ရမယ်ဟု ပြောသည်။

နိုင်ငံတကာ အင်ဂျင်နီယာ အသင်းချုပ်၏ အထွေထွေ ညီလာခံကို နိုဝင်ဘာလ ၁၈ ရက်မှ ၂၃ ရက်အထိ သြစတေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွင် ကျင်းပခဲ့ရာ ထိုအစည်းအဝေးတွင် မြန်မာ၊ ဇင်ဘာဘွေ၊ အမေရိကန်နှင့် ဗဟိုအမေရိက စသည့် နိုင်ငံများ ကို အဆိုပြုခဲ့သည့်အနက်မှ မြန်မာနိုင်ငံကို ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ ကောင်စီထံမှ သိရသည်။

မြန်မာနိုင်ငံသည်၂၀၁၈ ခုနှစ် သြဂုတ်လမှ စတင်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော် ပါဝင်သည့် နိုင်ငံတကာ အင်ဂျင်နီယာ အသင်း ချုပ်၏ အဖွဲ့ဝင် နိုင်ငံအဖြစ် ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀၀ ကျော် ရှိသည့်အနက် ဖွံ့ဖြိုးဆဲနိုင်ငံ တခုသာဖြစ်သည့် မြန်မာနိုင်ငံသည် Washington Accord တွင် ပါဝင်လာခြင်းကြောင့် မြန်မာနိုင်ငံကဲ့သို့ နမူနာယူ ကြိုးစားရန်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံကို အဆိုပြု ကြခြင်း ဖြစ်ကြောင်း ဦးချာလီသန်းက ပြောသည်။

အာဖရိကမှာ နိုင်ငံပေါင်း ၅၅ နိုင်ငံရှိတယ်။ အင်ဂျင်နီယာ ပညာရေးနဲ့ ပတ်သက်တဲ့ အဲဒီ သဘောတူညီမှာ တနိုင်ငံပဲ ရှိ တယ်။ Asia Pacific မှာဆိုရင် မြန်မာနိုင်ငံက အခု အရန်အဖွဲ့ဝင် အနေနဲ့ ပါလာပြီ။ ဒီနှစ်မှ မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားပါ လာတာ။ ဘယ်နိုင်ငံရဲ့ အထောက်အပံ့မှ မပါဘဲ ကိုယ့်ဟာကိုယ် ကြိုးစားလာရတာ။ အဲဒီတော့ မြန်မာနိုင်ငံအနေနဲ့ ဒါကို ဦးဆောင် လုပ် ပေးရင် မပြည့်စုံသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေလည်း ရလာနိုင်တယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဦးဆောင်ခိုင်းတာဟု ၎င်းက ပြောသည်။

Washington Accord ဆိုသည်မှာ International Engineering Alliance တွင် လက်မှတ်ထိုးထားသည့် နိုင်ငံများ အကြား Accredited အင်ဂျင်နီယာဘွဲ့များကို အပြန်အလှန် အသိအမှတ်ပြုခြင်း ဖြစ်ပြီး ၂၀၁၉ ခုနှစ် ဇွန်လတွင် မြန်မာနိုင်ငံစတင် ပါဝင် လာခဲ့ခြင်း ဖြစ်သည်။

You may also like these stories:

တရုတ် အင်ဂျင်နီယာတွေ အလုံးအရင်း ဝင်လာတော့လေမလား

Loading