ရန်ကုန်မြို့လှိုင်မြို့နယ် ၁၅ ရပ်ကွက် ပါရမီ မီးပွိုင့်အနီးတွင် ရပ်တန့်ထားသည့် ယာဉ်တစီးပေါ်မှ ကျပ် ၆၆ ဒသမ ၆ ဘီလီယံ (ကျပ်သိန်းပေါင်း ၆၆၆၀၀၀) တန်ဖိုးရှိ ICE မူးယစ်ဆေးများအား ဒီဇင်ဘာ ၁၀ ရက် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း မူးယစ် တပ်ဖွဲ့ထံက သိရသည်။
မူးယစ် တပ်ဖွဲ့စု ၄၀(လှိုင်သာယာ)မှ ဒုရဲမှူး စိုးနိုင် က “ဒါတွေက ပိုင်ရှင်မဲ့ မဟုတ်ပါဘူး။ မမဲ့ပါဘူး၊ လက်ရှိ ကျနော်တို့ ဆက်ပြီး အလုပ်တွေ လုပ်နေဆဲပါပဲ။ ပြောလို့တော့ မရသေးပါဘူး” ဟု ဧရာဝတီသို့ ပြောသည်။
လမ်းဘေးတွင် ရပ်တန့်ထားသည့် Chevrolet ယာဉ်အား ပူးပေါင်းအဖွဲ့ သွားရောက် စစ်ဆေးစဉ် ယာဉ်ခေါင်းခန်းနှင့် နောက် ခန်းတွင် ဆာလာအိတ်များအတွင်း Guanyinwang တံဆိပ်ပါ အထုပ် ၄၆၅ ထုပ်ဖြင့် ထည့်ထားသည့် မူးယစ်ဆေးဝါးများ အား တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်မြို့တွင် ဖမ်းမိသည့် ICE မူးယစ်ဆေးဝါးများ၏ တန်ဖိုးအား မူးယစ် ရဲတပ်ဖွဲ့က အခြေခံဈေး သတ်မှတ် တွက်ချက် သည့် ဈေးနှုန်းဖြစ်သည့် ၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၁ ထောင်နှုန်းဖြင့် တွက်ချက် ဖော်ပြထားခြင်းဖြစ်သည်။
လက်ရှိတွင် ဖမ်းမိထားသည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်၍ ပိုင်ရှင်(စိစစ်ဆဲ)အနေဖြင့် အမှုဖွင့် အရေးယူထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက ယနေ့ ထုတ်ပြန်ထားသည်။
You may also like these stories:
တရားမဝင်ကုန်စည် ဝင်ရောက်မှု ရေကြောင်းရဲများ ဖွဲ့၍ဖမ်းဆီးရန် စီစဉ်နေ
မူးယစ်ဆေး ထုတ်လုပ်မှုကြောင့် ဖမ်းဆီးခံခဲ့ရတဲ့ ဓာတုဗေဒ ပါမောက္ခ ၂ ဦး