ပြည်ပနှင့် စီးပွားရေး ကွန်ရက်များ တိုးမြှင့်ချိတ်ဆက်နိုင်ရန် ဒုတိယအကြိမ် မန္တလေး နိုင်ငံတကာ ကုန်စည်ပြပွဲနှင့် စီးပွား ရေး ဖိုရမ် ၂၀၂၀ ကို လာမည့် မတ်လ၌ ပြုလုပ်သွားမည်ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။
အဆိုပါ ပွဲကို လာမည့် ၂၀၂၀ ခုနှစ် မတ်လ ၂၅ မှ ၂၇ ရက်အထိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် ကျင်းပမည် ဖြစ်ပြီး ကုန်စည်ပြပွဲသာမက ပြည်ထောင်စုနှင့် တိုင်းအဆင့် ဌာနဆိုင်ရာဝန်ကြီးများ အပါအဝင် အရာရှိကြီးများ၊ လက်ရှိ အောင် မြင်နေသော ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များ၊ နိုင်ငံတချို့မှ သံအမတ်များ၊ ပြည်ပစီးပွားရေး ကုမ္ပဏီများမှ တာဝန်ရှိသူ များ ပါဝင်သော စီးပွားရေး ဖိုရမ်များ၊ ဆွေးနွေးပွဲများလည်း ပါဝင်မည်ဟု သိရသည်။
“ကျနော်တို့ဆီက စီးပွားရေးသမား အများစုက Trade Fair (ကုန်စည်ပြပွဲ) ဆိုရင် ဈေးရောင်းဖို့ပဲ စိတ်ကူးကြတာများ တယ်။ အဲဒါထက် ကိုယ့်လုပ်ငန်း တိုးတက်ဖို့ နိုင်ငံတကာနဲ့ ကွန်ရက်တွေ ချိတ်ဆက်လုပ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို ပွဲမျိုးကို စီစဉ်ရတာ ဖြစ်ပါတယ်” ဟု ပွဲဖြစ်မြောက်ရေး ဆောင်ရွက်နေသော ဦးကျော်မင်းက ဆိုသည်။
ပြပွဲအတွက် ဆိုင်ခန်းပေါင်း ၄၀၀ ခန့် ပါဝင်ပြသမည် ဖြစ်ပြီး အွန်လိုင်း မှတ်ပုံတင်စနစ်ဖြင့် ပြပွဲသို့ တက်ရောက်ခွင့်များ ရယူ နိုင်မည် ဖြစ်သလို မိမိတက်ရောက်လိုသော စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများအား တခါတည်း ကြိုတင်စာရင်းပေးထား နိုင် မည်ဟုလည်း အသင်း အထွေထွေအတွင်းရေးမှုး ဦးဥက္ကာကျော်က ပြောသည်။
ယခုနှစ်ပြပွဲတွင် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား အပါအဝင် အာရှနိုင်ငံများသာမက အမေရိကန်နှင့် အနောက်ဥရောပ နိုင်ငံများမှ လုပ်ငန်းရှင်များလည်း တက်ရောက်နိုင်ရန် သက်ဆိုင်ရာ သံရုံးများမှ တဆင့် ဖိတ်ကြားပြီး ဖြစ်သည်ဟု သိရသည်။
ပြီးခဲ့သည့်နှစ်က ကျင်းပသည့် ပထမအကြိမ် စီးပွားရေးဖိုရမ် အပြီးတွင် တရုတ်ကုမ္ပဏီတချို့နှင့် မန္တလေးတိုင်း အတွင်းရှိ သရက်၊ ဖရဲသခွားစိုက် တောင်သူ ၂၀ ကျော်နှင့် စီးပွားရေးဆိုင်ရာ အကျိုးတူလုပ်ငန်းဆောင်ရွက်နိုင်ရန် သဘောတူ လက် မှတ်ရေးထိုးနိုင်ခဲ့သလို ပြပွဲအတွင်း စားသောက်ကုန်နှင့် သီးနှံကဏ္ဍတွင် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရန် အတွက် နိုင်ငံတကာ ကုမ္ပဏီများနှင့် အများဆုံး ဆွေးနွေးနိုင်ခဲ့သည်ဟု မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းက သိရသည်။
You may also like these stories:
မန္တလေးတွင် ဘုန်းကြီးကျောင်းများကို ခုတုံးလုပ် စီးပွားရှာသူများအား ရှင်းလင်းနေ
မြန်မာ့စီးပွားရေးကို ပြုပြင်ရန် မဟာခြေလှမ်းလှမ်းခြင်း
မန္တလေး မရမ်းခြံဆိပ်ကမ်း အဆင့်မြှင့်တင်ရေး လက်ရှိ လုပ်ငန်းများ ရွှေ့ပြောင်းရန် စီစဉ်