မန္တလေးမြို့တွင် စတုတ္ထအကြိမ်မြောက် အသေးစား စက်မှုလက်မှုနှင့် မြန်မာ့ရိုးရာပန်း ၁၀ မျိုး လက်မှု အနုပညာ ထုတ် ကုန်ပြပွဲနှင့် ဈေးရောင်းပွဲတော်ကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြပွဲကို ချမ်းမြသာစည်မြို့နယ် မြို့သစ် (၁) ၇၃လမ်း၊ ငုရွှေဝါလမ်းနှင့် သဇင်လမ်းကြားရှိ မင်္ဂလာ မန္တလေး ပရိုမိုးရှင်း ဧရိယာတွင် ဒီဇင်ဘာလ ၂၀ ရက်မှ၂၂ ရက်အထိ ကျင်းပမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး အသေးစား စက်မှု လက်မှု လုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးအောင်သင်းက ပြောသည်။
ပြပွဲတွင် စိုက်ပျိုးရေး၊ မွေးမြုရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မန္တလေးတိုင်း ဒေသကြီး အသေး စား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာနမှ ဦးဆောင် ကျင်းပခြင်း ဖြစ်ပြီး ထုတ်ကုန်ပစ္စည်းများ ပြသခြင်းနှင့် ဖျော်ဖြေရေး၊ ကုန်ပစ္စည်း အရောင်းမြှင့်တင်ရေး အစီအစဉ်များ ပါဝင်မည်ဟု သိရသည်။
ဦးအောင်သင်းက “ပြပွဲက နှစ်စဉ် နှစ်တိုင်း ကျင်းပနေတာ ဖြစ်ပါတယ်။ ပြခန်း အမျိုးအစား ၅ မျိုးနဲ့ ပြုလုပ်သွားမှာ ဖြစ်ပါ တယ်။ အသေးစား စက်မှုလက်မှု လုပ်ငန်းတွေ၊ ရက်ကန်း လုပ်ငန်း တွေ၊ ပန်း ၁၀ မျိုး အပါအဝင် ရိုးရာလက်မှု လုပ်ငန်း တွေနဲ့ သက်မွေးလုပ်ငန်းတွေ လက်ရှိထက် ပိုပြီး ဖွံ့ဖြိုးတိုးတက်စေဖို့က အဓိကပါ” ဟု ပြောသည်။
နိုင်ငံတော်၏ စီးပွားရေး အင်အားတရပ် ဖြစ်သော အသေးစား စက်မှုလက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန်၊ အသေးစား စက်မှုလက်မှုလုပ်ငန်းများ အချင်းချင်းဖြင့် လည်းကောင်း၊ အလတ်စား၊ အကြီးစား လုပ်ငန်းများဖြင့် လည်း ကောင်း ချိတ်ဆက်ဆောင်ရွက်နိုင်ရန်၊ အသေး စား စက်မှုလက်မှု ထုတ်ကုန်များ ပြည်တွင်း ပြည်ပ ဈေးကွက် ပိုမိုရရှိစေရန်၊ နည်းပညာနှင့် ငွေကြေး အရင်းအနှီး ပိုမိုရရှိရေး အထောက်အကူ ဖြစ်လာစေရန် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရ သည်။
ထို့ပြင် မြန်မာ့ရိုးရာ လက်မှုအနုပညာလုပ်ငန်းများ တိမ်ကောပပျောက်မှု မရှိစေရေးနှင့် ထိန်းသိမ်း မြှင့်တင်နိုင်ရန်၊ အသေး စားလုပ်ငန်းများနှင့် ထုတ်ကုန်များကို ပြည်သူများနှင့် နိုင်ငံတော်မှ ပိုမို သိရှိ အားပေးလာစေရန်၊ စံချိန်စံညွှန်းမီ ထုတ်ကုန် များနှင့် အမယ်သစ်များ၊ လုပ်ငန်းများ ပေါ် ထွက်လာစေရန် အတွက်လည်း ဖြစ်သည်။
ပြပွဲ ကျင်းပရေး ကော်မတီမှ မောင်မိုး(သုတေသီ) က “အသေးစားလုပ်ငန်းတွေရဲ့ သဘော သဘာဝကိုက စီးပွားရေးကို တန်းတူလုပ်နိုင်စေဖို့။ အခုလိုပွဲတွေ လုပ်ပေးခြင်းအားဖြင့် အသေး စား လုပ်ငန်းတွေရဲ့သရုပ်သကန်တွေကို အားလုံး နား လည်လာမယ်။ အသေးစား လုပ်ငန်းက အဓိက အလုပ်အကိုင် အခွင့်အလမ်းအတွက် ကောင်းတယ်ဆိုတာကို အာဏာပိုင် တွေနဲ့ လူထုကို သိစေချင်တာ။ ပြောချင်တာက လုပ်ငန်းစချင်တဲ့သူတွေ စမယ်ဆိုရင် ကြီးထွားအောင် လုပ်ယူလို့ ရတယ် ဆိုတဲ့ Message ကို ပေးချင်တာပါ” ဟု ပြောသည်။
ယခုပြပွဲတွင် ပြခန်းပေါင်း ၁၂၅ ခန်း ပါဝင်သွားမည် ဖြစ်ရာ ပန်း ၁၀ မျိုး လက်မှုအနုပညာပြခန်း ၄၃ ခန်း၊ စားသောက်ကုန် လုပ်ငန်း ၂၄ ခန်း၊ လူသုံးကုန်၊အလှကုန်လုပ်ငန်း ၁၉ ခန်း၊ အထွေထွေ လုပ်ငန်း ၂၁ ခန်း၊ နည်းပညာပေးပြခန်း ၁၈ ခန်းတို့ ပါဝင်မည် ဖြစ်သည်။
ယခုပြပွဲတွင် ဝင်ရောက်ပြသမည့် အသေးစား စက်မှုလက်မှု လုပ်ငန်းများနှင့် ရက်ကန်းလုပ်ငန်း များ၊ ပန်း ၁၀ မျိုး အပါအဝင် ရိုးရာလက်မှုလုပ်ငန်းများသည် မန္တလေးတိုင်း ဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၌ မှတ်ပုံတင်ပြုလုပ် ထားသော လုပ်ငန်းများ အများဆုံး ပါဝင်ကြောင်းလည်း သိရသည်။
You may also like these stories:
နှစ် ၁၀၀ ပြည့် UMFCCI ဘယ်လို ဖြတ်သန်း ရပ်တည်ခဲ့သလဲ
ရန်ကုန်ကို နိုင်ငံတကာ ဈေးကွက် ဖြစ်ရန် ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်း ပြော
ပထမဆုံး အကြိမ် မန္တလေး နိုင်ငံတကာ ကုန်သွယ်မှုပြပွဲနှင့် စီးပွားရေး ဖိုရမ် ကျင်းပမည်