ယနေ့ ကယားပြည်နယ်၏မြို့တော် လွိုင်ကော်တွင် ကျင်းပသည့် ၆၈ နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကရင်နီပြည် လူငယ်များ အင်အား စုမှ လူငယ် ကိုယ်စားလှယ်များ သီးသန့် တွေ့ဆုံမည် ဖြစ်ကြောင်း သိရသည်။
ကယားပြည်နယ် အစိုးရအဖွဲ့ ဧည့်ရိပ်သာ၌ ယနေ့ နေ့လယ် ၁၂ နာရီ မိနစ်၂၀ ခန့်တွင် စတွေ့မည်ဖြစ်ပြီး တွေ့ဆုံချိန် မိနစ်၂၀ ခန့်သာ ကြာမြင့် ဖြစ်ကြောင်း၊ ကရင်နီပြည်လူငယ်များ အင်အားစုနှင့် ကရင်နီပြည်တောင်သူ လယ်သမား သမဂ္ဂတို့မှ ကိုယ်စားလှယ် ၇ ဦး တက်ရောက်မည် ဖြစ်ကြောင်း ကရင်နီပြည် လူငယ်များအင်အားစု ပြောရေးဆိုခွင့်ရှိ သူ ခွန်းသောမတ်စ်က ဧရာဝတီကို ပြောသည်။
ထိုတွေ့ဆုံပွဲတွင် လက်ရှိ တောင်သူများ တရားစွဲဆိုခံထားရသည့် ကိစ္စ၊ ဗိုလ်ချုပ်ကြေးရုပ် ရွှေ့ပြောင်းရေးကိစ္စနှင့် လူ ငယ် ညီလာခံမှ ရရှိထားသည့် ဆုံးဖြတ်ချက်တချို့ (လူငယ်မူဝါဒ ပြန်လည် သုံးသပ်ရေး၊ လူငယ်စင်တာများ ထားရှိနိုင် ရေး)နှင့် ပတ်သက်၍ အစိုးရအနေဖြင့် မည်သို့ ကူညီပေးနိုင်မည် ဟူသည့် အချက် ၃ ချက်ကို အဓိက တင်ပြသွားမည် ဟုလည်း ၎င်းက ရှင်းပြသည်။
ခွန်းသောမတ်စ်က “ကျနော်တို့ ပြောချင်တဲ့ဟာ အနည်းအကျဉ်းလောက်တော့ သူ့ဆီကို တိုက်ရိုက်ပြောနိုင်တဲ့ အခွင့် အရေးပေးတဲ့အတွက် ကျေးဇူးတင်ရမှာပေါ့။ ဒီလို တွေ့လိုက်တာက ပိုပြီးတော့ ကျနော်တို့ ပြောချင်တဲ့ဟာကို ထိထိ ရောက်ရောက်ရှိမယ်လို့ ထင်တယ်။ သူတို့လည်း ဒါကို နားလည်ထားပြီးသားပါ။ ကျနော်တို့ ပြောချင်တာကို ပိုပြီးတော့ နည်းနည်းနားထောင်နိုင်အောင် တွေ့ခွင့်ပေးလိုက်တယ်လို့ ထင်ပါတယ်” ဟု ဆက်လက် ပြောဆိုသည်။
ထိုကဲ့သို့ တွေ့ဆုံခွင့်ရရေး အတွက် ကရင်နီပြည် လူငယ်များအင်အားစုက ဇန်နဝါရီလ ၁၀ ရက်တွင် နိုင်ငံတော် အတိုင် ပင်ခံရုံးသို့ စာပို့ တောင်းဆိုထားခြင်းလည်း ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်သည် တရားစွဲခံနေရသော ကရင်နီပြည်တောင်သူများ အတွက် မျှော်လင့်ချက်များ စွာရှိနေပြီး တိုင်စာတစောင်ကိုလည်း ၎င်း၏ လက်ထဲအရောက် ထည့်ပေးနိုင်ရန် စီစဉ်ထားကြောင်းလည်း ကရင်နီပြည် တောင်သူ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ဧရာဝတီကို ပြောဆိုထားသည်။
လတ်တလောတွင် တပ်မတော်မှ သိမ်းယူထားသည့် မြေယာကိစ္စများနှင့် ပတ်သက်၍ တရားစွဲခံထားရသည့် တောင် သူ ၄၀ ဦး ရှိပြီး ၁၁ ဦးမှာ ထောင်အချုပ်ဖြင့် ရင်ဆိုင်နေရကြောင်း သိရသည်။
ထို့ပြင် ကယားပြည်နယ် အစိုးရမှ လွိုင်ကော်မြို့ကန္ဒာဟေဝန် ပန်းခြံတွင် စိုက်ထူထားသည့် ဗိုလ်ချုပ်အောင်ဆန်း မြင်း စီး ကြေးရုပ်အား ဖယ်ရှားပေးရေး ကရင်နီပြည်လူငယ်များက တောင်းဆိုထားမှုနှင့် ပတ်သက်၍လည်း ယနေ့အချိန်ထိ အဖြေမထွက်သေးဘဲ ရှိနေသည်။
ဆက်စပ်ဖတ်ရှုရန်
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရေး ကရင်နီလူငယ်များ တောင်းဆို
ကရင်နီ လူငယ် ၆ ဦးကို ရဲတပ်ဖွဲ့ လိုက်လံ ဖမ်းဆီး