၂၀၁၉ ခုနှစ် တနှစ်လုံးတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်၊ ရုရှား၊ ဂျပန်၊ အိန္ဒိယ၊ ထိုင်း၊ ဗီယက်နမ်၊ လာအို စသည့်နိုင်ငံများသို့ နိုင်ငံခြား ခရီးစဉ်ပေါင်း ၁၁ ခု သွားရောက်ခဲ့သည်။
တပ်ချုပ်၏ တနှစ်တာ ကာလအတွင်း သွားရောက်ခဲ့သည့် ခရီးစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့က ပြုလုပ်ခဲ့သည့် တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ၏ သတင်းစာရှင်းလင်းပွဲတွင် ယင်းအဖွဲ့ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ် ထွန်းထွန်းညီက အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။
“နိုင်ငံတကာဆက်ဆံရေးနဲ့ ပတ်သက်ပြီးတော့မှ အစိုးရချင်း ဆက်ဆံရေး ရှိတယ်။ အဲဒီအပြင် နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ခိုင်မှာတဲ့ အင်စတီကျူးရှင်း (Institution) ဖြစ်တဲ့ တပ်မတော်ချင်း ဆက်ဆံရေးတွေဟာ နိုင်ငံခြားဆက်ဆံရေး ကဏ္ဍမှာ အရေးပါတဲ့ အရေးကြီးတဲ့ ကဏ္ဍကနေ ပါဝင်နေတယ်”ဟု ၎င်းက ပြောသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ၂၀၁၉ ခုနှစ်အတွင်း နိုင်ငံခြား ခရီးစဉ်များသည် အာရှဒေသမှ နိုင်ငံအများစုသာ ဖြစ်သည်။
ထိုခရီးစဉ်များအတွင်း ရုရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပသည့် “မော်စကို နိုင်ငံတကာ လုံခြံရေးဆိုင်ရာ ညီလာခံ”တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အင်ဒို-ပစိဖိတ်ဒေသတွင်း စစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများနှင့် ဒေသတွင်းလုံခြုံရေးဆိုင်ရာ အလားအလာ၊ နိုင်ငံတကာအခြေအနေများစသည့် အကြောင်းအရာများ ဆွေးနွေးမှုကို အခြား တက်ရောက်လာသူများက ကျေနပ်အားရမှု ရှိခဲ့သည်ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ဆိုသည်။
နိုင်ငံပေါင်း ၃၅ နိုင်ငံမှ တပ်မတော်အကြီးအကဲများ တက်ရောက်ခဲ့သည့် ထိုညီလာခံတွင် မြန်မာနိုင်ငံမှ ဒုတိယဗိုလ်မှူးကြီး တင်ဖုန်းကျော်၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးမျိုးကျော်သူ တို့ကိုလည်း ကျွမ်းကျင်ပညာရှင်အဖြစ် ဖိတ်ကြားခံခဲ့ရသည်ဟု သိရသည်။
တပ်ချုပ်၏ တရုတ်ခရီးစဉ်တွင် တရုတ်ဘက်မှ တပ်မတော်အရာရှိများအပြင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့်လည်း တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံချစ်ကြည်ရေး၊ တပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရေး တိုးမြှင့်ဆောင်ရွက်ရန်၊ နယ်စပ်ဒေသ တည်ငြိမ် ငြိမ်းချမ်းရေးဆိုင်ရာ၊ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာများကို ဆွေးဆွေးခဲ့ကြောင်း သိရသည်။
“ကျနော်တို့နိုင်ငံရဲ့ Geo Politics အရ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒ အတိုင်းပဲ အိမ်နီးချင်းနိုင်ငံများနဲ့ မိတ်ဝတ်မပျက်ဆက်ဆံရေး ပြီးရင် လွတ်လပ်ပြီး တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒနဲ့ ဆောင်ရွက်နေပါတယ်”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
ထိုင်းနိုင်ငံတွင် ကျင်းပသည့် ၁၆ ကြိမ်မြောက် အာဆီယံ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်များ အစည်းအဝေးတွင်လည်း အာဆီယံ၏ ရေရှည်တည်တံ့ခိုင်မြဲသည့် လုံခြုံရေးအတွက် အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကိစ္စနှင့်ပတ်သက်ပြီး အကျယ်တဝင့် ဆွေးနွေးခဲ့သည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ်အတွင်း ပြည်ပမှ မြန်မာနိုင်ငံသို့လာရောက်ခဲ့ပြီး တပ်ချုပ်အား လာရောက် တွေ့ဆုံခဲ့သူများမှာ နီပေါနိုင်ငံသမ္မတ၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး၊ ဂျပန်ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ ဂျပန်နိုင်ငံခြားရေးဒုဝန်ကြီး၊ ရုရှားကာကွယ်ရေး ဒုဝန်ကြီး၊ လာအိုအမျိုးသားကာကွယ်ရေး ဝန်ကြီး၊ အိန္ဒိယ ကာကွယ်ရေးအတွင်းဝန်၊ တရုတ်နိုင်ငံ၏ အာရှရေးရာအထူး ကိုယ်စားလှယ်၊ ဗီယက်နမ် ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်တို့ ဖြစ်ကြောင်း တပ်မတော်မှ သိရသည်။
နိုင်ငံခြားတပ်မတော်များမှ ထိုင်းနိုင်ငံ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗီယက်နမ်နိုင်ငံ တပ်မတော်ကာကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ထိုင်း၊ လာအို၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီယား နိုင်ငံများမှ တပ်မတော် အကြီးအကဲများ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး တပ်ချုပ်နှင့် တွေ့ဆုံမှုများလည်း ရှိခဲ့သည်။
“ဒီလိုဆက်ဆံရေးတွေ ချစ်ကြည်ရေးတွေကို ဆောင်ရွက်နိုင်ခြင်းအားဖြင့် တပ်မတော်ကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ခေတ်မှီ တပ်မတော် ဖြစ်ရေး တည်ဆောက်ရေး အပိုင်းအတွက်လည်း အထောက်အကူများစွာ ရရှိစေတာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
တပ်ချုပ်သည် ဥရောပသမဂ္ဂ(EU)၏ လူ့အခွင့်အရေးအထူးကိုယ်စားလှယ်အပါအဝင် နိုင်ငံတကာ ကိုယ်စားလှယ်များနှင့် တွေ့ဆုံမှုများ၊ မြန်မာနိုင်ငံတွင်း နိုင်ငံခြားသံရုံးများမှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံမှုများရှိခဲ့သည်။
မြန်မာနိုင်ငံသို့ နိုင်ငံခြားတပ်မတော်များမှ တပ်ဖက်ဆိုင်ရာ ရေယာဉ်လာရောက်မှုများလည်းရှိခဲ့ပြီး တရုတ်၊ စင်ကာပူ၊ ထိုင်း၊ အိန္ဒိယ၊ ဘရူနိုင်း၊ လာအို၊ သီရိလင်္ကာ၊ အင်ဒိုနီးရှား၊ ရုရှားနိုင်ငံများမှ ရေယာဉ်များ လာရောက်ခဲ့ကြောင်းသိရသည်။
You may also like these stories:
အမေရိကန် အရေးယူ ပိတ်ဆို့မှု နိုင်ငံရေး ဖိအားဟု တပ်မတော်ဆို
ထိုင်းရေတပ် သင်္ဘောတည်ဆောက်ရေးလုပ်ငန်းသို့ တပ်ချုပ် သွားရောက်ခဲ့
ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် သမ္မတ ဖြစ်ဖို့ ဆို