ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် တပ်မတော်က လုံခြုံရေး ရယူထားသည့် ရွှေနှင့် ပယင်းမှော် လုပ်ကွက်များထဲသို့ တရားဝင် ဝင်ရောက် စိစစ်နိုင်ရန် တပ်မတော်ကာကွယ်ရေးဦးချုပ်ထံ စာရေးသားပေးပို့ အကူ အညီ တောင်းခံထားကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦးက ပြောသည်။
ယခင်က ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)က ထိန်းချုပ်ထားသည့် တနိုင်းမြို့နယ်ရှိ ရွှေနှင့်ပယင်းကျောက်များ ထွက်ရှိသည့် နန်ဗျူ၊ ညောင်ပင်ကုန်း၊ တုန်မဏီ ဒေသများကို ယခုအခါ တပ်မတော်က ပြန်လည်း ထိန်းချုပ်ထားသဖြင့် ယခုလို စာပေးပို့ရခြင်း ဖြစ်ကြောင်း သိရသည်။
NLD ပါတီဝင်လည်း ဖြစ်သူ ဦးလင်းလင်းဦးက“တပ်ပိုင်းဆိုင်ရာကနေ လုံခြုံရေးအကြောင်းပြချက်နဲ့ ကန့်သတ်ထားတာပေါ့လေ။ အခုလည်း မလုပ်ဘူးလားလို့ ပြောရင် တနိုင်းကိုသွားရင် သိလိမ့်မယ်။ လုပ်နေတယ် . . . ဘာညာ ကျနော်မပြောလိုဘူး။ ဒါနိုင်ငံတော်ရဲ့ သယံဇာတ ဆုံးရှုံးမှု ဖြစ်မှာပေါ့”ဟု ပြောသည်။
ထို့ကြောင့် တပ်ရင်းတပ်ဖွဲ့များကို စီမံခန့်ခွဲသူမှာ တပ်မတော်ကာချုပ်ရေးဦးစီးချုပ် ဖြစ်သောကြောင့် တင်ပြရခြင်းဖြစ်ပြီး ကွင်းဆင်းစစ်ဆေးပြီးနောက် ဥပဒေနှင့်အညီ တရားဝင်လုပ်ကိုင်ခွင့် ရရှိလာပါက သယံဇာတများ နစ်နာဆုံးရှုံးမှု လျော့နည်းသွားမည် ဖြစ်ကြောင်း ၎င်းကပြောသည်။
ယင်းလုပ်ကွက်များနှင့် ပတ်သက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့တို့ကလည်း အသေးစားနှင့်အလတ်စားလုပ်ကွက်များ ချထားပေးနိုင်ရေး ဆောင်ရွက် နေကြောင်း ၎င်း၏ တင်ပြစာတွင် ဖော်ပြထားသည်။
“တပ်မတော်အနေနဲ့ တာဝန်ရှိတာကတော့ နယ်မြေလုံခြုံရေး နယ်မြေကာကွယ်ရေးအတွက်ပဲ တာဝန်ရှိပါတယ်။ တူးဖော်မှုကိစ္စတွေတို့ ခွင့်ပြုတဲ့ကိစ္စတွေဆိုတာ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ပဲ သက်ဆိုင်ပါတယ်” ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
နိုင်ငံတော်၏ သယံဇာတမဆုံးရှုံးမှု မဖြစ်ပေါ်စေရေး ပြည်သူတို့၏ အလုပ်ကိုင်အခွင့်အလမ်းများ ရရှိရေးတို့အတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဖွဲ့စည်းပေးထားသည့် တနိုင်းမြို့နယ် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်နိုင်ရန် တပ်မတော်က ပူးပေါင်းဆောင်ရွက်ပေးပါရန် မေတ္တာ ရပ်ခံကြောင်း ဦးလင်းလင်းဦး၏ ဇန်နဝါရီလ ၂၀ ရက်နေ့က ပေးပို့သည့် တင်ပြစာအရ သိရသည်။
၂၀၁၇ ခုနှစ်၊ သြဂုတ်လက ပြည်သူ့လွှတ်တော်တွင် ဦးလင်းလင်းဦးက ဖားကန့်နှင့် တနိုင်းဒေသတို့ရှိ တရားမဝင် ရွှေနှင့်ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေ့သည့် လုပ်ငန်းများကို ပြည်ထောင်စု အစိုးရက ထိထိရောက်ရောက် ကြပ်မတ်ပေးရန် တိုက်တွန်းကြောင်း အဆိုကိုတင်ခဲ့စဉ်ကလည်း တပ်မတော်သား ကိုယ်စားလှယ်များက ကန့်ကွက်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သေးသည်။
ယခုကိစ္စနှင့် ပတ်သက်၍လည်း လိုအပ်လာပါက လွှတ်တော်တွင် ကြယ်ပွင့်ပြမေးခွန်း မေးမြန်း သွားမည် ဖြစ်ကြောင်း ဦးလင်းလင်းဦးက ဧရာဝတီသို့ ပြောသည်။
You may also like these stories:
ဒေါက်တာအေးမောင်အမှု၏နောက်ဆုံးအယူခံပယ်ချခံရ
ICJ ကြားဖြတ်အစီအမံ ဆုံးဖြတ်ချက် ကျော်လွန်၍