ဗစ်တိုးရီးယားအမှု တရားခွင် စစ်ဆေးမှုရပ်တန့်နေချိန်တွင် အမှုကြောင်းအရာ မည်သို့ရှေ့ဆက်မည်ကို နိုင်ငံတော် သမ္မတရုံက ဆက်လက် စောင့်ကြည့်နေဆဲ ဖြစ်ကြောင်း သတင်းရရှိသည်။
ယနေ့ နိုင်ငံတော် သမ္မတရုံးတွင် ပြုလုပ်သည့် မီဒီယာများနှင့် တွေ့ ဆုံပွဲတွင် သမ္မတရုံး ညွှန်ကြားရေးမှူးချုပ်လည်း ဖြစ်သူ ဦးဇော်ဌေးက“လတ်တလောမှာလည်း ပြည်ထဲရေး ဝန်ကြီးဌာန၊ အနေအထားပေါ့နော်။ ဒါလေးတွေလည်း စောင့်နေတဲ့ အနေအထားရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။
ပြည်ထဲရေး ဝန်ကြီးဌာနတွင် ယခုရက်ပိုင်းအတွင်း ပြည်ထောင်စု ဝန်ကြီး အပြောင်းအလဲ ဖြစ်ပေါ်တော့မည် ဖြစ်သည်။
ဗစ်တိုးရီးယား အမှုနှင့် ပတ်သက်၍ ယခင် ရှင်းလင်းပွဲ ပြုလုပ်တိုင်းတွင် ယင်းအမှုသည် စောင့်ကြည့် နေသည့် အမှုဖြစ်ကြောင်း၊ ယင်းအမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ကိုလည်း ပြောထားပြီး ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောဆိုလေ့ရှိသည်။
ယင်းအမှု၏ လက်ရှိအခြေအနေမှာ သံသယ တရားခံအဖြစ် ဖမ်းဆီးထားသူကို ကိုအောင်ကြီးကို ဒက္ခိဏ ခရိုင်တရားသူကြီးက တရားရှင်အဖြစ် လွတ်ပေးလိုက်သည့်အတွက် အမှုမှာ ရပ်တန့်နေသည့် အနေအထားဖြစ်သည်။
ထို့ကြောင့် ဗစ်တိုးရီးယား၏ ဖခင် ဖြစ်သူကိုယ်တိုင်က သမီးဖြစ်သူ၏ အမှုမှာ ကူကယ်ရာမဲ့နေသည့် အမှုဟုခံစားနေရကြောင်း သတင်းထောက်များကို ပြောဆိုထားသည်။
ယင်းအမှုမှ သံသယ တရားခံ ကိုအောင်ကြီးကို လွှတ်မြောက်ပြီးနောက်ပိုင်း ယင်းအမှုကို ရဲတပ်ဖွဲ့ အနေဖြင့် မည်ကဲ့သို့ ဆက်လက်ဆောင်ရွက်မည်ကို ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူများထံ အကြိမ်ကြိမ် ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း အကြောင်း အမျိုးမျိုးပြ၍ ပြန်လည်ဖြေကြားခြင်း မရှိပေ။
ဦးဇော်ဌေးက “ကျနော်တို့က တရားစွဲ အဖွဲ့အစည်းမဟုတ်ဘူး။ ရဲတပ်ဖွဲ့က တရားစွဲ အဖွဲ့အစည်းဖြစ်တယ်။ ဘာလုပ်မလဲဆိုတာ ရဲတပ်ဖွ့ဲကို တိုက်ရိုက်မေးသင့်တယ်။ သမ္မတရုံးက ကျနော်တို့ အပေါ်ကနေ မူအရပေါ့နော်၊ ကြည့်တဲ့သဘော ရှိတယ်”ဟု ပြောသည်။
ထိုသို့ ကိုအောင်ကြီး လွတ်မြောက်ပြီး နောက်တရက် ဒီဇင်ဘာ ၁၉ ရက်တွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး နစ်နာသူ ဗစ်တိုးရီးယား၏ အမည်ရင်း၊ မိဘများ၏ အမည်များနှင့် ကိုယ်ရေး အချက်အလက်များကို ထုတ်ဖော်ပြောဆိုခြင်း၊ ရဲဇာနည် Facebook စာမျက်နှာတွင် ရေးသားဖော်ပြမှုများကြောင့် ရဲတပ်ဖွဲ့ကို ဝေဖန်မှု များစွာ မြင့်တက်ခဲ့သည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသော Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် ကလေးငယ် ဗစ်တိုးရီးယားသည် ယခုနှစ် မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင်ကိုယ်တိုင် အမှုဖွင့် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။
ထိုအမှုကို ဇွန်လ ၃ ရက်တွင် မှုခင်းတပ်ဖွဲ့(CID) က လွှဲပြောင်းရယူခဲ့ပြီး ယင်းအမှုနှင့် ပတ်သက်၍ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုဖွင့် စစ်ဆေးခဲ့ကြောင်း သိရသည်။
You may also like these stories:
နိုင်ငံရေး ဆွေးနွေးမှုများ အလုပ်မဖြစ်ဟု KNU ဥက္ကဋ္ဌပြော
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာပါလာသော တရုတ် လေယာဉ် ပြန်လည် ထွက်ခွာ
အနည်းဆုံး အခကြေးငွေနှုန်းထား သတ်မှတ်ချိန် ပြင်ဆင်ရန် NLD အမတ် ကြိုးပမ်း