သတင်းတို

မန္တလေးတိုင်းတွင် ၂၀၁၉ အတွင်း မီးလောင်မှုများကြောင့် ကျပ် သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့

ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး၌ မီးလောင်မှုများကြောင့် ကျပ်သိန်း ၄၃၀၀ ကျော် ဆုံးရှုံးခဲ့ပြီး ဒဏ်ရာရရှိသူ ၂၆ ဦးနှင့် သေဆုံးသူ ၃ ဦး ရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ရရှိသည့် မီးလောင်မှု မှတ်တမ်းများ အရ သိရသည်။

“အရင်နှစ်ကနဲ့ ယှဉ်ရင် မီးလောင်မှု အကြိမ်ရေလည်း ပိုများတယ်၊ မီးလောင်မှုတွေကို ကြည့်မယ်ဆိုရင် ပေါ့ဆမီးနဲ့ ဝိုင်ယာရှော့ကြောင့် ဖြစ်ရတာတွေက ပိုများပါတယ်၊ ကျနော်တို့ မီးသတ်တပ်ဖွဲ့ကတော့ မီးဘေးကြိုတင် ကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေတယ်၊ နောက်ပြီး မီးဘေးကြိုတင် ကာကွယ်ရေးအတွက် ရပ်ကွက် အဆင့်ထိ အသိပညာ ပေးတာတွေ လုပ်ဆောင်နေတယ်၊ အဓိက တကယ် လိုက်နာရမှာကတော့ ပြည်သူတွေပါပဲ”ဟု မန္တလေး တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ တိုင်းမီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးက ပြောသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မီးလောင်မှု ၂၇၆ ကြိမ် ဖြစ်ပွားခဲ့ရာ မီးလောင်မှုကြောင့် လူနေအိမ် ၃၀၈ လုံး၊ စက်ရုံ အလုပ်ရုံ ၂ ခု၊ ဂိုဒေါင် ၁၁ လုံး ပျက်ဆီးခဲ့ပြီး လူဦးရေ ၇၈၀ ကျော် မီးဘေးသင့်ခဲ့ကြောင်း သိရသည်။

၂၀၁၈ ခုနှစ်အတွင်းက မန္တလေးတိုင်းဒေသကြီး၌ စုစုပေါင်းမီးလောင်ကျွမ်းမူ ၂၁၅ ကြိမ်အထိ ဖြစ်ပွားခဲ့ပြီး မီးလောင်ကျွမ်း မှုကြောင့် အိမ်ခြေ ၂၅၈ အိမ် မီးလောင်ဆုံးရံှုးခဲ့ကာ သေဆုံးသူ ၈ ဦး ၊ ဒဏ်ရာ ရရှိသူ ၁၆ ဦး၊ ဒုက္ခသည် ၃၄၂ ဦး ရှိခဲ့သလို ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ် သိန်း ၄ ထောင်ကျော် ရှိခဲ့သည်။

မီးလောင်ကျွမ်းမှုတွင် မန္တလေးခရိုင်သည် မီးလောင်မှုအကြိမ် ၈၉ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားသည့် ခရိုင်ဖြစ်ပြီး ပြင်ဦးလွင် ခရိုင် က ၃၅ ကြိမ်၊ ကျောက်ဆည်ခရိုင် က ၃၂ ကြိမ်၊ မိတ္ထီလာခရိုင်က ၄၀ ကြိမ်၊ မြင်းခြံခရိုင် ၃၃ ကြိမ်၊ ညောင်ဦးခရိုင် ၃၀ ကြိမ်နှင့် ရမည်းသင်းခရိုင် ၁၇ ကြိမ်တို့ ဖြစ်ပွားခဲ့ခြင်းဟု သိရသည်။

“လအလိုက် မီးလောင်မူဖြစ်စဉ်တွေကို သုံးသပ်ကြည့်ပါက ပွင့်လင်းရာသီ အစပိုင်းမှာ ပိုများတယ်၊ မတ်၊ ဧပြီတွေမှာ ပိုများတာပေါ့၊ ၁ လကို မီးလောင်မှုက အနည်းဆုံး ၁၀ ကြိမ် အထက်မှာ ရှိတယ်၊ မေလမှာ အကြိမ် ၃၀ ကျော်အထိ အများဆုံး ဖြစ်ပွားခဲ့တယ်” ဟု ဦးသန်းဇော်ဦးက ဆက်လက်ပြောသည်။

အဆိုပါမီးလောင်မှု ဖြစ်စဉ်များတွင် လျှပ်စစ်မီးကြောင့် ဖြစ်ပွားရမှု အများဆုံးဖြစ်ပြီး လျှပ်စစ်မီးကြောင့် လောင်ကျွမ်းမှု ၁၁၄ ကြိမ် ထိရှိကာ ပေါ့ဆမီး ၇၇ ကြိမ်၊ မီးဖိုမီး ၃၃ ကြိမ်၊ မသမာသူ ရှို့မီး ၃၀ ကြိမ်၊ အလိုအလျောက်မီး ၁၂ ကြိမ်နှင့် တောမီး ၁၀ အထိ ရှိကြောင်း သိရသည်။

You may also like these stories:

မန္တလေးရတနာပုံ စူပါစင်တာ မဖြိုဘဲ အကြီးစား ပြန်လည် ပြုပြင်မည်ဟုဆို

မန္တလေး Skywalk မီး တိုင်းအစိုးရ စုံစမ်းစစ်ဆေးဆဲ

ရေး ဓာတ်အားပေးစက်ရုံ မီးလောင်မှုဖြစ်ပြီးနောက် အချိန်ပိုင်းဖြင့် လျှပ်စစ် ပြန်စပေးနိုင်ပြီ

Loading