လစ်လပ်နေသည့် ပြည်ထဲရေးဝန်ကြီးနေရာတွင် တပ်မတော် စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ခန့်အပ်တာဝန်ပေးနိုင်ရေး ပြည်ထာင်စုလွှတ်တော်၏ သဘောတူညီမှု ရရှိရန် ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်သို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က တင်ပြသည်။
ထို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီချက် ရယူခြင်းနှင့် ကန့်ကွက်လိုသည့် ကိုယ်စားလှယ်ရှိပါက ကန့်ကွက်ခြင်းများကို ဖေဖော်ဝါရီလ ၁၀ရက်နေ့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးတွင် ပြုလုပ်ရန်လျာထားကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ကြေညာခဲ့သည်။
ကန့်ကွက်လိုသည့် ကိုယ်စားလှယ်များရှိပါက ဖေဖေဝါရီ ၇ ရက်နေ့ ညနေ ၄နာရီ နောက်ဆုံးထားပြီး အထောက် အထားများနှင့် တကွ ပြည်ထောင်စုလွှတ်တော် ညွန်ကြားရေးမှူးချုပ်ထံ တင်ပြရမည်ဖြစ်ကြောင်း လွှတ်တော် နာယက ဦတီခွန်မြတ်က ကြေညာခဲ့သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် ၆၄ မှ ဖြစ်ပြီး ၂၀၀၄ ခုနှစ်က ဖျက်သိမ်းခဲ့သော တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်နေရာကို အစားထိုးလိုက်သည့် စစ်ဖက်ဆိုင်ရာ လုံခြုံရေး အရာရှိချုပ်ရုံးကို ဦးဆောင်နေသူ တဦးလည်း ဖြစ်သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက် တာဝန်များ ပြန်လည် ထမ်းဆောင်စေရန် သမ္မတက ခွင့်ပြုခဲ့သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ်ရခြင်း ဖြစ်သည်။
You may also like these stories:
ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရာထူးမှ အနားယူမည်
တပ်မတော်နှင့် ကြံ့ခိုင်ရေး ပူးပေါင်း၍ နယ်လှည့် ဆေးကုသပေးမှု ဝေဖန်ခံနေရ