လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဖြစ်သူ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီး အဖြစ် ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြု ခန့်အပ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
“ကန့်ကွက်လိုသူ တဦးတယောက်မှ မရှိတဲ့အတွက် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေး ဝန်ကြီးအဖြစ် အတည်ပြု ကြောင်း ကြေညာပါတယ်”ဟု ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၄ ရက်နေ့က လက်ရှိ ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေကို မူလစစ်ဘက် တာ ဝန်များ ပြန်လည် ထမ်းဆောင်စေရန် သမ္မတက ခွင့်ပြုခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ပြည်ထဲရေးဝန်ကြီး ခန့်အပ်လိုကြောင်း သမ္မတက လွှတ်တော်သို့ တင်ပြခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်အား ပြည်ထဲရေး ဝန်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီချက်ရယူရန်ကိစ္စမှာ အာဏာရ NLD ပါတီ ကြီးစိုးထားသည့် လွှတ်တော်တွင် အငြင်းအခုံ ဖြစ်ရန် အကြောင်းကိစ္စတခု မဖြစ်တော့ဘဲ ယနေ့တွင် ဒုတိယ ဗိုလ်ချုပ် ကြီး စိုးထွဋ်မှာ ပြည်ထဲရေး ဝန်ကြီး ဖြစ်လာပြီ ဖြစ်သည်။
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်သည် ဗိုလ်သင်တန်းကျောင်း အပတ်စဉ် (OTS) ၆၄ မှ ဖြစ်ပြီး ယင်းသင်တန်းတွင် အကောင်း ဆုံး ဗိုလ်လောင်းဆု ရရှိခဲ့သူတဦး ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေအရ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ၃ ပါးကို တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းရခြင်း ဖြစ်ပြီး သမ္မတက လွှတ်တော်၏ အတည်ပြုချက်ဖြင့် ခန့်အပ် ရခြင်း ဖြစ်သည်။
You may also like these stories:
ပြည်ထဲရေး ဝန်ကြီးသစ်နှင့် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေး
ပြည်ထဲရေးဝန်ကြီးအဖြစ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်ပေးဖို့ လွှတ်တော်သို့ တင်ပြ
ပြည်ထဲရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ရာထူးမှ အနားယူမည်