တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်သစ် ကုသဆေး ဖော်ထုတ်ရန် အချိန် ၁၈ လခန့်ကြာမည်ဖြစ်ပြီး လက်ရှိအချိန်တွင် “ရရာ လက်နက်ကိုင်ဆောင် တိုက်ပွဲဝင်ရမည်” ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရော့ အက်ဒ်ဟန်နွန် ဂီဘရီယီးဆက်က အင်္ဂါနေ့က ဂျနီဗာတွင်ပြောသည်။
ထိုဗိုင်းရပ်ပိုးကို COVID-19 ဟု အမည်ပေးကြောင်း၊ မလိုလားအပ်သော အစွဲအလန်းကြီးမှုများ မထားကြရန် အရေးကြီးကြောင်းနှင့် အခြားအမည်များသည် တိကျမှုမရှိကြောင်း သူပြောသည်။
ဗုဒ္ဓဟူးနေ့တွင် ကိုရိုနာဗိုင်းရပ်စ်ဖြင့် သေဆုံးသူ နောက်ထပ် ၉၇ ဦး တရုတ်က ကြေညာသဖြင့် တရုတ်ပြည်မကြီးတွင် သေဆုံးသူ စုစုပေါင်း ၁၁၁၃ ဦး ရှိလာပြီဖြစ်သည်။
တရုတ် အမျိုးသားကျန်းမာရေးကော်မရှင်က ၂၄ နာရီအတွင်း ကူးစက်သူ ၂၀၁၅ ဦး တွေ့ရကြောင်း ထုတ်ပြန်သဖြင့် ပြန့်ပွားနှုန်းကျဆင်းသော ဒုတိယနေ့ဖြစ်သည်။
တရုတ်ပြည်မကြီးတွင် စုစုပေါင်း ရောဂါကူးစက်ခံရသူ တရားဝင် ၄၄၆၅၃ ဦး ရှိသည်။ တရားမဝင် ဦးရေစာရင်း မြောက်မြားစွာ ရှိနိုင်သေးသည်ဟု အချို့က သံသယရှိကြသည်။
တရုတ်နှစ်သစ်ကူး အားလပ်ရက်ကို တရားဝင် ရွှေ့ဆိုင်းပေးအပြီး လုပ်ငန်းခွင်များစွာ အလုပ်မစတင်နိုင်သေးဘဲ လူပေါင်းများစွာ အိမ်ထဲတွင်သာ နေနေကြရကာ လူပေါင်းသန်း ၆၀ မှာ စောင့်ကြည့်စာရင်းတွင် ရှိနေသည်။
ကိုးကား။ ။Reuters
ကိုရိုနာဗိုင်းရပ်က ကိုးရက်ကြာအထိ အသက်ရှင်နိုင်
တရုတ်အလုပ်သမားများ လုပ်ငန်းခွင်သို့ တဖြည်းဖြည်း ပြန်ဝင်နေ
လိမ္မော်ရောင် ကျန်းမာရေးအဆင့် သတ်မှတ်ခြင်းက စင်ကာပူကို ချောက်ချားစေ