ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ်ရှိ မိုင်းတင်း အုပ်စုတွင် နေထိုင်သည့် ဦးကောထိုကို အမည်မသိ လက်နက် ကိုင်တဦးက ချောင်းမြောင်း ပစ်ခတ်ခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ယင်းနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ဦးကောထို(ခ) စိုင်းအောင်ကြည်သည် ၎င်းပိုင် လယ်ကွက်၌ နွားကျောင်းနေစဉ် လယ်ကွက် အနီး ဝါးရုံ တောအတွင်းမှ အမည်မသိ လက်နက်မှ ချောင်းမြောင်း ပစ်ခတ်သဖြင့် ဘယ်ဘက်မေးရိုးပွင့် ထွက်ဒဏ်ရာနှင့် လည်ပင်း အောက် ညာဘက် ညှပ်ရိုးကျိုး ဒဏ်ရာများ ရရှိကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
ထိုအကြောင်းအရာနှင့် ပတ်သက်ပြီး ကျောက်မဲ စစ်ရှောင်များအား ကူညီပေးနေသည့် မေတ္တာအိုးဝေမှ ကိုသားဇော်က “အဲဒီလို ပစ်ခတ်ခံရမှုက မိုင်းတွင်းရွာ တနေရာထဲကို အခုနဲ့ဆို ၃ ခေါက်ပေါ့။ နောက်တခုကတော့ မိုင်းတင်းရွာကပဲ ကျောက်မဲ တက်သွားရင်း သေနတ်နဲ့ ပစ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ပါမယ်ဆို ၄ ယောက်ရှိပြီ။ ကျန်တာက ဒီနေ့ အပစ်ခံရတဲ့ အမှုနဲ့ ချောင်းစပ်နားမှာ သေဆုံးသွားတဲ့ အမှုရယ်နဲ့ မိုင်းတင်းကျေးရွာ အထွက်နားမှာ အပစ်ခံရတဲ့ အမှုပေါ့” ဟု ဧရာဝတီ သို့ ပြောသည်။
ထိုသို့ အမည်မသိ လက်နက်ကိုင်များ၏ ပစ်ခတ်မှုကြောင့် အရပ်သား သေဆုံးမှု ဖြစ်လာမှုများပြားလာခြင်းကြောင့် မိုင်း တင်းရွာမှ ရွာသားများက တုန်လှုပ်မှု ရှိလာကြောင်း၊ မည်သည့် ကိစ္စကြောင့် ပစ်သည်ကို သေချာ မသိကြသည့်အတွက် တာဝန်ရှိသူများအနေဖြင့် စေ့စပ်ညှိနှိုင်းပေးရန် မဖြစ်နိုင်ကြောင်း ၎င်းက ထောက်ပြပြောဆိုသည်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာ ရှိသည့်အနက်မှ မိုင်းတင်းရွာတွင် ရှမ်းလူမျိုးများ အများဆုံး နေထိုင်ကြပြီး ရှမ်းလက်နက်ကိုင်များ ဖြစ်ကြသည့် ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP/ SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင် စီ(RCSS )တို့သာ သွားလာ လှုပ်ရှားမှု ရှိသည်။
ကိုသားဇော်က “မိုင်းတင်းဆိုတာက ဒေသခံ ရှမ်းတိုင်းရင်းသားတွေ အများဆုံး ဖြစ်တယ်။ နယ်မြေ စိုးမိုးထားတာလည်း ရှမ်းနှစ်ဖွဲ့က စိုးမိုးထားတာ ဆိုတော့ မဖြစ်သင့်ဘူးလို့ ကျနော်ထင်တယ်။ ပလောင်တပ် ကတော့ ဖြတ်သွားဖြတ်လာပါ”ဟု ပြောသည်။
ကျောက်မဲမြို့နယ်၌ တပ်မတော် အပြင် ပလောင်(တအန်း)အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/ SSA)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS )တို့ အဓိက လှုပ်ရှားရာ နယ်မြေ လည်း ဖြစ်သည်။
You may also like these stories:
ရန်ကုန် လေထုအရည်အသွေး ကျန်းမာရေး ထိခိုက်မှု အထိ မရှိဟု မိုး/ဇလ ပြော
ဗစ်တိုးရီးယားအမှု ရဲလုပ်ငန်း အစကောင်းရန် လိုအပ်ခဲ့ဟု ပြည်ထဲရေးဝန်ကြီး အသစ်ပြော
စစ်တပ်က နိုင်ငံရေးတွင် မစွက်ဖက်ရန် ဗိုလ်ချုပ်၏ မိန့်ခွန်း သမ္မတ ပြန်ကိုးကား