တောင်ဒဂုံမြို့နယ်တွင် မီးရှို့ခံရသည့် ဒဏ်ရာကြောင့် သေဆုံးသွားသည့် မလွင်မာဦး၏ အမှုကို လူသတ်မှု ပုဒ်မ ၃ဝ၂ ဖြင့် ပြောင်းလဲ တရားစွဲသွားမည်ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူးက အတည်ပြုသည်။
တောင်ဒဂုံမြို့နယ် ရဲတပ်ဖွဲ့မှူး မိုးဇော်ဆွေ က “အခု ကျနော်တို့ ဆေးစာ လက်ထဲ မရောက်သေးဘူး။ လူသေသွားတဲ့ အတွက်တော့ လူသတ်မှု ၃ဝ၂ ကိုတော့ ပြောင်းမယ်။ အဲဒီထဲက ပုဒ်မခွဲ ဘယ်လောက်ဆိုတာ ဆေးစာရမှ ပြောလို့ရမယ်။ နောက်ရုံးချိန်း ၂၁ ရက်ကြရင်တော့ ပြောလို့ရမှာပေါ့” ဟု ဆိုသည်။
ဇန်နဝါရီ ၁၁ ရက် မနက် ၄ နာရီခန့်က မလွင်မာဦးကို ခင်ပွန်းဟောင်းဖြစ်သူက နေအိမ်မှ လာရောက်ခေါ်ယူသွားပြီး တောင် ဒဂုံမြို့နယ် ရဲစခန်း အနောက်ဘက်ရှိ ကားဘော်ဒီရုံတွင် ဓာတ်ဆီလောင်း မီးရှို့ခဲ့ကြောင်း၊ မလွင်မာဦးသည် ခန္ဓာကိုယ်၏ ၇ဝ ရာခိုင်နှုန်းခန့် မီးလောင်ဒဏ်ရာများ ရရှိခဲ့ကာ ရန်ကုန်ဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။
မလွင်မာဦးသည် ယခုလ ၉ ရက် မနက်ပိုင်းတွင် အဆိုပါ ဒဏ်ရာများဖြင့်ပင် သေဆုံးခဲ့သည်။ ၎င်းမသေဆုံးမီ စကား အနည်းငယ် ပြောနိုင်သည့်အတွက် စစ်ချက် လာရောက်ယူသော တောင်ဒဂုံရဲ အရာရှိကို မိမိကို ဓာတ်ဆီလောင်း မီးရှို့ ခဲ့သူဟာ ၎င်း၏ ခင်ပွန်းဟောင်းဖြစ်သူ စိုးသူရခေါ် စိုးကြီး ဖြစ်ကြောင်းကို ပြောပြသည်။
လက်ရှိတွင် ကျူးလွန်ခဲ့သူအား အပြင်းအထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ထားပြီး ယခုတွင် သေဒဏ်အထိ ချ မှတ်နိုင်သည့် လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲသွားမည် ဖြစ်သည်။
ယခုအမှုသည် တရားစီရင်ရေး အဆင့်ထိသွားနေသည့်အတွက် မိမိတို့ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် ဝင် ရောက် စွက်ဖက်ရန် မသင့်တော်သော်လည်း ဥပဒေအရ တရားမျှတမှု ရရှိရေးကို စောင့်ကြည့်နေမည် ဖြစ်ကြောင်း၊ မိမိ ကိုယ်တိုင် ၎င်းမိသားစုဝင်များနှင့် တကြိမ်မှ တွေ့ဆုံခြင်း မရရှိခဲ့သေးသော်လည်း သေဆုံးသူအပေါ် လိုက်ပါ ကူညီပေးနေ သည့် အဖွဲ့အစည်းများနှင့် ၃ ကြိမ်မျှ တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း တောင်ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဦးညီညီက ပြောသည်။
ဦးညီညီက “လူကလည်း သေဆုံးပြီး ဖြစ်သွားတဲ့အတွက် အမှုကတော့ ပုဒ်မ ပြောင်းကို ပြောင်းမှာပါ။ ကျနော်တို့ဆီ ပြောင်း မယ်၊ မပြောင်းဘူးကတော့ သက်ဆိုင်တဲ့ ရဲတပ်ဖွဲ့က ဘာမှပြောဆိုထားတာမျိုးတော့ မရှိသေးဘူး။ ကျနော်တို့ကလည်း စောင့်ကြည့်နေရမှာပေါ” ဟု ဆိုသည်။
ရဲတပ်ဖွဲ့ထံသို့ ဆေးစာမရသေးဟု ဆိုသည်ကို နားမလည်ကြောင်း၊ မိမိတို့ မိသားစုဝင်များကိုပင် ဆေးရုံရှိ မှုခင်းဌာနမှ တာ ဝန်ရှိသူများ ကိုယ်တိုင်လိုအပ်သည့် အကူအညီများရှိပါက ပြောရန်ပြောဆိုထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ရဲတပ်ဖွဲ့ဘက်မှ မိမိတို့ မိသားစုဝင်များကို ဆက်သွယ်ပြီး တစုံတခု ပြောကြားထားခြင်းမျိုး မရှိသေးဟု သေဆုံးသူ မလွင်မာဦး၏ အစ်ကို ဖြစ်သူ ကိုအောင်ကိုကိုဦးက ပြောသည်။
လက်ရှိ အချိန်ထိ မိမိတို့ထံ စွပ်စွဲခံထားရသူ စိုးကြီး၏ မိသားစုဝင်များမှ တိုက်ရိုက် ဆက်သွယ်လာခြင်းမျိုး မရှိသေးသလို အမှု ပေါ့လျော့ရေးအတွက် မိမိတို့ကို မည်သည့် လာရောက် ညှိနှိုင်းမှုကိုမှ လက်ခံမည် မဟုတ်ဟု ၎င်းက ဆက်ပြောသည်။
ကိုအောင်ကိုကိုဦးက “အမှုမှန်က ပေါ်သင့်သလောက် ပေါ်နေပြီ။ ပြစ်ဒဏ်က အကြီးလေးဆုံး ဖြစ်စေချင်တယ်။ သူသာ တကယ်လို့ ပြန်လွတ်လာခဲ့လို့ရှိရင် ကျနော်တို့ မိသားစုတွေမှာ စိတ်ညစ်စရာတခုက ဖြစ်နေဦးမှာပဲ။ ကျနော့် ညီမဟာ သေ ကောင်ပေါင်းလဲ ဒဏ်ရာနဲ့ သေခဲ့ရတာဆိုတော့ သေဒဏ်မကျနိုင်ဘူးလား ဆိုတာမျိုးတော့ မေးခွန်း ထုတ်ချင်တာပေါ့” ဟု ဆိုသည်။
ဆက်စပ်ဖတ်ရှုရန်
မီးရှို့ခံရသည့် အမျိုးသမီးအမှု မြင်တွေ့သူများ သက်သေ မထွက်ဆိုရဲကြ ဟုဆို
ဓာတ်ဆီလောင်း၍ မီးရှို့ခြင်း ခံခဲ့ရသည့် အမျိုးသမီး တရားမျှတမှုရမလား