သတင်းတို

ချင်းအမျိုးသားနေ့ပွဲသို့ CNF တက်မည်

Want create site? Find Free WordPress Themes and plugins.

ချင်းအမျိုးသားနေ့ပွဲသို့ အစိုးရနှင့် အပစ်ရပ်စာချုပ် ချုပ်ဆိုထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တခု ဖြစ်သည့် ချင်းအမျိုးသား တပ်ဦး (CNF) တက်ရောက် စကားပြောမည်ဟု CNF ဒု ဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ဧရာဝတီသို့ ပြောသည်။

ချင်းအမျိုးသားနေ့ပွဲကို ပြည်နယ်အစိုးရဖွဲ့က ဦးဆောင်ပြီး ကျပ်သိန်းပေါင်း သုံးထောင်ကျော် အကုန်ကျခံကာ ပထမဆုံး အကြိမ်အဖြစ် ချင်းပြည်နယ် ထန်တလန်မြို့၌ ပြည်နယ်အဆင့် ကျင်းပခြင်း ဖြစ်သည်။

ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က “ကျနော် ချင်းအမျိုးသားနေ့ပွဲကို တက်ရောက်မှာပါ။ Speech တော့ မဟုတ်ပါဘူး၊ ဒီအတိုင်း စကားပြောမှာပါ” ဟု ပြောသည်။

ချင်းအမျိုးသားနေ့တွင် CNF အနေဖြင့် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်၌ စကားပြောခွင့်ရခဲ့ဖူးသော် လည်း NLD အစိုးရ တက်လာပြီး နောက်ပိုင်း ပြုလုပ်ခဲ့သည့် ချင်းအမျိုးသားနေ့ပွဲများ၌ စကားပြောခွင့် မရဘဲ တက်ရောက် ခွင့်သာ ရရှိခဲ့သည်ဟု သိရသည်။

ယခု (၇၂) ကြိမ်မြောက် ချင်းအမျိုးသားနေ့ပွဲသို့ တက်ရောက်ရန် နိုင်ငံတော်အဆင့်နှင့် ပြည်တွင်း သံအမတ်များကို ဖိတ် ကြားထားပြီး မည်သည့် ပုဂ္ဂိုလ် တက်ရောက် ချီးမြှင့်မည်ကို မသိရသေးသော်လည်း ဒု သမ္မတ (၂) ဦးဟင်နရီဗန် ထီးယူက တက်ရောက်မည် မဟုတ်ကြောင်း ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်က ပြောသည်။

၎င်းက “နိုင်ငံတော် အဆင့်ကတော့ ဘယ်သူတွေ တက်ရောက်နိုင်မလဲတော့ မသိသေးဘူး။ ဖိတ်တာတော့ ဖိတ်ထားပြီးပြီ။ တိုင်းနဲ့ ပြည်နယ်အဆင့် အဖွဲ့အစည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ အများကြီးပဲ ဖိတ်ကြားထားပါတယ်။ အိန္ဒိယ ဘက်ကိုလည်း ပြန်ကြားရေးဝန်ကြီးကတဆင့် အိန္ဒိယ အစိုးရလည်း ဖိတ်ကြားထားပါတယ်။ မဏိပူရ်ပြည်နယ် အစိုးရနဲ့ မီဇို ရမ်ပြည်နယ်ကိုလည်း ဖိတ်ထားတယ်။ ဒါပေမယ့် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က မလာဖြစ်တော့ဘူးလို့တော့ သိရတယ်” ဟု ဆိုသည်။

ချင်းအမျိုးသားနေ့ပွဲသို့ နယ်အရပ်ရပ် အဖွဲ့အစည်းများမှ ပေးပို့လာသည့် သဝဏ်လွှာများကို ဖတ်ပေးသွားမည် မဟုတ်ဘဲ မှတ်တမ်းတင်ခြင်းသာ လုပ်ဆောင်သွားမည်ဟု သိရသည်။

ဆက်စပ်ဖတ်ရှုရန် 

ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး

Did you find apk for android? You can find new Free Android Games and apps.
Loading