မင်္ဂလာတောင်ညွန့် မီးလောင်မှုကြောင့် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး သေ
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ၉၇ လမ်း(ဘင်္ဂါလီစု)တွင် ယနေ့မွန်းလွဲ ၁၁ နာရီ ၅၀ မိနစ်ခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် အမျိုးသမီး ၂ ဦးနှင့် ကလေး ၁ ဦး (အမျိုးသား) သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း မီးလောင် ရာတွင် ကူညီ ကယ်ဆယ်ခဲ့သည့် လူမှုကူညီ ကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)က အတည်ပြုပြောသည်။
ယင်းမီးလောင်မှုကြောင့် သေဆုံးခဲ့ရသူများမှာ အသက် ၆၈ နှစ်ရှိ ဒေါ်ကြည်ပြာ၊ အသက် ၅၀ နှစ်ရှိ ဒေါ်သီတာနှင့် ၈ နှစ်အရွယ် မောင်ငြိမ်းဇေယျာထွန်းတို့ ဖြစ်ကြောင်း သိရသည်။
လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက “ လတ်တလောတော့ ဝါယာရှော့ကြောင့်လို့ပဲ သိထား ရတယ်၊ ကလေးမှာကျတော့လည်း ဝါယာကြိုးပတ်တဲ့ အနေအထားနဲ့ လက်မောင်နားမှာ သံစူးသလို တွေ့ရလို့ ရဲလုပ်ငန်း စဉ် အရ ဆက်လုပ်နေတယ်၊ ကိုယ်တိုင် သွားကူညီပေးခဲ့တဲ့ ကျနော့်အဖွဲ့က လူတွေ မျက်မြင်အရပေါ့၊ အသေးစိတ် လုပ်ငန်းစဉ် ကတော့ ရဲအပိုင်းကပဲ ပိုတိကျမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါမီးလောင်မှု ဖြစ်စဉ်ကြောင့် အသက် ၃၄ နှစ်ရှိ ဒေါ်ဖြိုးပပစိုးဆိုသူ၏ မျက်နှာ၊ ညာဘက် လက်မောင်းနှင့် ပေါင်တို့တွင်လည်း မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့်အတွက် ဆေးရုံသို့ တင်ပို့ကုသထားရပြီး ဒေါ်ပြုံးဆိုသူမှာလည်း အသက်ရှု မွန်းကြပ်မှု ကြောင့် ကုသမှု ခံယူခဲ့ရသေးကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားသည့် အဆောက်အဦသည် ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ခဲ့သည့် RC နှစ်ခန်းတွဲ၊ ၃ ထပ်ခွဲတိုက်ဖြစ်ပြီး အရေးပေါ် အသုံးပြုရန် အနောက်ဖက်လှေကား မပါရှိခြင်းနှင့် ထွက်ပေါက်မရှိခြင်းတို့ကြောင့် မီးခိုးမွှန်ကာ သေဆုံးခဲ့ရခြင်းဟု ယူဆရကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က Level 1 အဆင့် သတ်မှတ်ဆောင်ရွက်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ကာ ၁၂ နာရီ ၁၇ မိနစ်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။