ရန်ကုန်တိုင်းဒေသကြီးအတွင်း ရောင်းချနေသည့် စက်သုံးဆီအရောင်းဆိုင်များ စနစ်တကျဖြစ်ရေး မည်သို့ ဆောင်ရွက်နေကြောင်း ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် ၉ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိမ်းက ယနေ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် မေးခွန်းထုတ်သည်။
ဦးစိုးသိမ်းက ရန်ကုန်တိုင်းအတွင်း စက်သုံးဆီဆိုင်များ လိုအပ်သည့် အရေအတွက်ထက် ပိုလွန်ခြင်းရှိ၊ မရှိ လူနေထူထပ်သည့် မြို့၊ရွာ၊ ရပ်ကွက်များတွင် နေထိုင်ကြသော ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာ၀ ဘေးန္တရာယ်များ ကျရောက်ပါက မထိခိုက်စေရန် မည်သို့ဆောင်ရွက်ထားကြောင်း မေးခွန်း မေးခဲ့ခြင်းဖြစ်သည်။
“သိတဲ့အတိုင်းပဲ 97၊ 95 အောက်တိန်း စက်သုံးဆီအမျိုးအစားများ တို့က ပိုပြီးတော့ ပေါက်ကွဲဖို့ လွယ်တာပေါ့။ ဘယ်လောက်ပဲ မြေအောက်မှာပဲ ထားထား ပေါက်ကွဲနိုင်တယ်။ အဲဒီတော့ တည်နေရာရွေးတာ၊ ကိုယ့်ပြည်သူ လုံခြုံရေး၊ ဒါတွေကို စဉ်းစားဖို့ ကောင်းတယ်။ လက်တန်း မလုပ်ပဲနဲ့ စဉ်းစားပါ ရေရှည်အစီအစဉ်ပေါ့”ဟု ၎င်းက ပြောသည်။
အဆိုပါ မေးခွန်းကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က စက်သုံးဆီဆိုင် ၁ ဆိုင် ဆောက်လုပ်တော့မည် ဆိုပါက ကွင်းဆင်း ကြည့်ရှုခြင်း တိုင်းဒေသကြီးအစိုးရ၏ သဘောထား မှတ်ချက် အပြင် လျှပ်စစ်နှင့်စွမ်းအင်၊ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန တို့က သတ်မှတ်ထားသည့် စံချိန်းစံညွှန်းများနှင့် အညီ ဆောင်ရွက်မှသာ ခွင့်ပြုပေးခြင်း ဖြစ်ကြောင်း လွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဖြေကြားသည်။
“ပြည်သူများ၏ မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ထိခိုက်မှု အနည်းဆုံး ဖြစ်စေရန် စက်သုံးဆီအရောင်းဆိုင်ဟာ မြို့တွင်းမှာ တည်ဆောက်မည် ဆိုပါက မည်သည့် စက်သုံးဆီ အမျိုး အစားကို မဆို မြေအောက်သိုလှောင်ကန်ဖြင့်သာ တည်ဆောက် သိုလှောင် ဖြန့်ဖြူးရောင်းချရန် သတ်မှတ် ထားပါတယ်”ဟု ဝန်ကြီးက လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်တိုင်းရှိ စည်ပင်သာယာနယ်နိမိတ် အတွင်းတွင် စက်သုံးဆီ ဖြန့်ဖြူး ရောင်းချခွင့် လိုင်စင်ရရှိထားသည့် စက်သုံးဆီဆိုင် ၁၃၉ ဆိုင်၊ စည်ပင်သာယာပြင်ပတွင် ၄၉ ဆိုင် စုစုပေါင်း ၁၈၈ ဆိုင်ရှိပြီး ရန်ကုန်လိုင်စင်ရှိ ကား အရေအတွက်မှာ ၇၈၅၀၀၀ စီးခန့်ရှိကြောင်း သိရသည်။
“လက်ရှိ ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင် အရေအတွက်နဲ့ အဆိုပါ ယာဉ်စီးရေ အချိုးတို့အရ စက်သုံးဆီ ဖြန့်ဖြူး ရောင်းချရန် လုပ်ဆောင်ရတဲ့ ဝန်နှင့်အား မျှတစေရန်နဲ့ မော်တော်ယာဉ်များက အချိန်ကုန် သက်သာစွာ စက်သုံး ဆီ ဝယ်ယူ ဖြည့်တင်းနိုင်ရေးအတွက် လက်ရှိ စက်သုံးဆီ အရောင်းဆိုင် အရေအတွက်ဟာ ပိုလျှံခြင်း မရှိသေး ဘဲ ထပ်မံ လိုအပ်လျက်ရှိတဲ့ အနေအထားဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းနိုင် ကပြောသည်။
ထို့ပြင် စက်သုံးဆီ အရောင်းဆိုင် ၁ ဆိုင်အတွက် ဖြန့်ဖြူးရောင်းချခွင့် လိုင်စင် ရရှိရန်နှင့် ပြည်သူများ အလွယ် တကူ ပွင့်လင်းမြင်သာစွာ သိရှိနိုင်စေရန် အတွက်လည်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာ့ရေနံထွက် ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းတို့၏ အင်တာနက် စာမျက်နှာများတွင် ဖော်ပြထားသည်ဟု သိရသည်။
You may also like these stories:
ကျနော်တို့ တိုင်းပြည်က ဓာတ်ဆီဆိုင်တွေ သည်လည်း မျှမျှတတ ယှဉ်ပြိုင်ဖို့ လိုတယ်
စက်သုံးဆီဈေး ၁ လီတာ ကျပ် ၁ ထောင်နီးပါးထိ ဈေးမြင့်တက်