သတင်းတို

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမည့်သူ ၁၄၉ ဦးရှိ၊ လာမည့် အင်္ဂါနေ့ စမည်

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ ၂၅ ရက် (အင်္ဂါနေ့) တွင် စတင် ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်က ယနေ့ ကြေညာလိုက်သည်။

ဆွေးနွေးခွင့်အား စုစုပေါင်း ၁၄၉ ဦး ခွင့်ပြုထားပြီး တဦးလျှင် ၈ မိနစ် ဆွေးနွေးခွင့် ရမည် ဖြစ်သလို တပ်မတော်သား ကိုယ်စားလှယ် ၅၀ ဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ၅၀ ဦး၊ အခြားကိုယ်စားလှယ် ၄၉ ဦး ပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ 

ပြည်ထောင်စု လွှတ်တော် နာယက အနေဖြင့် ဆွေးနွေးရန် မူလအမည်စာရင်း ပေးထားသည့် စုစုပေါင်း ၂၈၂ ဦးထဲမှ ထက် ဝက်ခန့်အား လျော့ချလိုက်ခြင်း ဖြစ်ပြီး ဆွေးနွေးခွင့်ကိုမူ ပုံမှန်ထက်၂ မိနစ် ပိုပေးခဲ့သည်။

ဆွေးနွေးခြင်းကို ဖေဖော်ဝါရီ ၂၅ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည့် ဥပဒေ၊ ဆန္ဒခံယူပွဲ ကျင်း ပရမည့် ဥပဒေ ဟု ခွဲခြားပြုစုထားသည့် မူကြမ်း နှစ်ခုစလုံးကို တပေါင်းတည်း ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

ဆွေးနွေးရာတွင်လည်း လွှတ်တော်သို့ တင်ပြထားသည့် အခြေခံ ဥပဒေ ပုဒ်မ ၄၃၆(က)နှင့် သက်ဆိုင်သည့် မူကြမ်းတခုနှင့် ပုဒ်မ ၄၃၆(ခ) နှင့် သက်ဆိုင်သည့် မူကြမ်းတို့ အဖြစ် မူကြမ်း ၂ ခု ခွဲခြားတင်ပြထားပြီး ဖြစ်သည်။ 

ထို့ပြင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီတို့က တင်ပြထားသည့် ဥပဒေကြမ်းများကိုလည်း တပါတည်း ဆွေးနွေးခွင့် ပြု မည် ဖြစ်ကြောင်း သိရသည်။ 

ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က “ဆွေးနွေးတဲ့အခါမှာ ကိုယ်စားလှယ် တဦးချင်း အနေနဲ့ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်း တခုခု၊ လူပုဂ္ဂိုလ် တဦးတယောက်၊ တိုင်းရင်းသား လူမျိုးစုတခုခုကို ထိခိုက်စေမယ့် အသုံးအနှုန်း၊ ပြောဆို ချက်များ မပါရှိအောင် ဂရုပြု ဆင်ခြင်ကြဖို့ လိုအပ်ပါတယ်”ဟု ယနေ့ လွှတ်တော်တွင် သတိပေးခဲ့သည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးနှင့် ပတ်သက်ပြီး ဥပဒေကြမ်း ၇ ခုအား ပြန်လည် စုစည်းပြီးနောက် ဥပဒေမူကြမ်း ၂ ခု အနေဖြင့် ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းထားခြင်း ဖြစ်ပြီး အချက်ပေါင်း ၁၄၂ ချက် ပါဝင်သည်။

လွှတ်တော်တွင်း ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်များကို တောက်လျှောက် ကန့်ကွက်ခဲ့သူ တပ်မတော် အစုအဖွဲ့ ကလည်း ယခု ဥပဒေကြမ်းများကို ပါဝင်ဆွေးနွေးရန် စာရင်းပေးထားပြီး ဖြစ်သည်။

သတင်းထောက် ထွန်းထွန်းနှင့် ကျော်မျိုး ပူးပေါင်း ရေးသားသည်။

You may also like these stories:

ဖွဲ့စည်းပုံ ပြင်ရေးမူကြမ်း ဆွေးနွေးမယ့် တပ်ကိုယ်စားလှယ်စာရင်း လျှော့ချခံရမလား

တပ်မတော်နဲ့ ကြံ့ခိုင်ရေး ပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဘာတွေ တင်သွင်းထားသလဲ

တပ်မတော် အာဏာလျှော့ချရန် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေမူကြမ်း အဆိုပြုချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading