လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် အထည်ချုပ် စက်ရုံ ၃ ခုမှ အလုပ်သမားများအရေး အစိုးရ၊ အလုပ်ရှင် ကိုယ်စားလှယ် တို့နှင့် သုံးပွင့်ဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း ပြေလည်မှု မရရှိခဲ့ကြောင်း အဆိုပါ တွေ့ဆုံခဲ့သည့် အလုပ်သမား များထံက သိရသည်။
လှိုင်သာယာ စက်မှုဇုန်ရှိ မြန်ရီ အထည်ချုပ် စက်ရုံ၊ SDI အထည်ချုပ်နှင့် ဆီနိုဖော့ အထည်ချုပ်စက်ရုံတို့ရှိ အလုပ်သမား များသည် ဖေဖော်ဝါရီ ၂၆ ရက်က ရန်ကုန်တိုင်း အစိုးရရုံး အဖွဲ့ရှေ့သို့ မိမိတို့၏ အခက်အခဲများကို တောင်းဆိုခဲ့ပြီးနောက် ညနေက ရန်ကုန်တိုင်းအစိုးရရုံး၌ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းအစိုးရ အဖွဲ့၏ အလုပ်သမား ဝန်ကြီး၊ အလုပ်ရှင်ဘက်မှ ကိုယ်စားလှယ်များနှင့် အလုပ်သမား ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
မြန်ရီအထည်ချုပ် စက်ရုံ အနေဖြင့် ယခင် ကတည်းက အလုပ်ရှင်၊ အလုပ်သမား သဘောတူညီ စာချုပ် (EC) ချုပ်ဆို ထားခြင်း မရှိမှုအတွက် စာချုပ် ချုပ်ဆိုရန်၊ အဆိုပါ စာချုပ်တွင် အလုပ်ရှင်နှင့် အလုပ်သမားများ ညှိနှိုင်းကာ လုပ်ခလစာ ဖြတ်တောက်မှုများကို ပြေလည်စေရေး တောင်းဆိုခဲ့ကြရာ ယင်းအတွက် စာချုပ် ချုပ်ဆိုရန်သာ ဝန်ကြီးချုပ်မှ ညွှန်ကြားခဲ့ ကြောင်း အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့သည့် မြန်ရီ အထည်ချုပ် ကိုယ်စား လိုက်ပါ ကူညီပေးသူ ကိုရဲရင့်က ပြောသည်။
မြန်ရီ အထည်ချုပ် စက်ရုံမှ အလုပ်သမား သမဂ္ဂ ဥက္ကဋ္ဌ မမာလာက “ကျမတို့က ဒီနှစ် ၁ လပိုင်းထဲက စပြီး ကျွမ်းကျင် ကြေးကို အလုပ်ရှင်ဘက်က ဖြတ်တောက်တယ်။ လုပ်ငန်းရှင်ဘက်က အလုပ်သမား အချင်းချင်း တန်းတူပေးရမှာကို မပေးဘူး။ အဲဒါကို အောက်ခြေက အာဏာပိုင်တွေနဲ့ ညှိနှိုင်းတာ အဆင်မပြေဘူး” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ကျမတို့က ယုံကြည်လေးစား အားကိုးပြီး ကျမတို့ ဝန်ကြီး ချုပ်ကို အလုပ်သမား ရပိုင်ခွင့်ထဲက လစာငွေ ဖြတ်တောက်ခံနေရတာ ပြန်ရဖို့ လာပြောတာ။ ဝန်ကြီးချုပ်က မဖြေရှင်းပေး ဘူး။ ကျမတို့ မကျေနပ်ဘူး။ အလုပ်ပျက်တာနဲ့ကို ကျွမ်းကျင်ကြေး ဖြတ်တယ်။ အဆင့် လျှော့ချတယ်။ ဥပဒေပါ ခွင့်ရက် အတိုင်း အလုပ်ပျက်တယ် ဆိုရင်တောင် ဖြတ်လို့ရလား မေးချင်တယ်” ဟု ပြောဆိုသည်။
ထိုသို့ တွေ့ဆုံမှုတွင် ဝန်ကြီးချုပ်နှင့် ဝန်ကြီးကို မိမိတို့ အလိုမရှိတော့ကြောင်း၊ အလုပ်သမားများဘက်မှ ဥပဒေပါ အခွင့် အရေးအတိုင်း ရပ်တည် မပေးသဖြင့် ကျေနပ်မှု မရှိကြောင်း ကိုရဲရင့်က ပြောသည်။
ထို့ပြင် SDI အထည်ချုပ်နှင့် ပတ်သက်၍ ဝန်ကြီးချုပ်မှ အလုပ်သမား သမဂ္ဂအဖွဲ့ ခေါင်းဆောင်တချို့ကို အကြောင်းမဲ့ အလုပ်မှ ထုတ်ပစ်ထားခဲ့မှု၊ ဆီနိုဖော့ အထည်ချုပ်စက်ရုံတို့ရှိ အလုပ်သမားများ ဥပဒေပါ အခွင့်အရေး အပြည့်အဝ မရရှိမှု များကိုလည်း အောက်ခြေအဆင့်တွင် ပြန်လည် ညှိနှိုင်းရန်သာ ညွှန်ကြားခဲ့သည်ဟု ဆက်လက် ပြောဆိုသည်။
ထို့ပြင် ယခင်က သဘောတူညီ စာချုပ် ချုပ်ဆိုခဲ့မှုကို ပြန်လည် ပြင်ဆင်လိုက်သည့် အခါတွင် မိမိတို့ စက်ရုံ ပိုင်ရှင်ဘက်မှ အလုပ်သမားများက စက်ရုံကို အတင်း ပိတ်ဆို့ခဲ့သည့်အတွက် သဘောတူညီခဲ့ရခြင်းသာ ဖြစ်ကြောင်း၊ ထို့အတွက် မိမိတို့ စက်ရုံတွင် လက်ရှိ ကျင့်သုံးနေသည့် EC စာချုပ်ကို ပြန်လည် ပြင်ဆင်ပေးရန် အစိုးရသို့ စက်ရုံလုပ်ငန်းရှင်ဘက်မှ တင်ပြ ခဲ့ကြောင်း ဆီနိုဖော့ အထည်ချုပ်စက်ရုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင် မမေစံပယ်က ပြောသည်။
ယမန်နေ့ ညနေ အစိုးရ၊ အလုပ်ရှင်နှင့် အလုပ်သမား ၃ ပွင့်ဆိုင် ဆွေးနွေးပွဲတွင် အစိုးရဘက်မှ မိမိတို့ အလုပ်သမားများ၏ ပြောရေးဆိုခွင့်ကို ပိတ်ပင်ခဲ့သော်လည်း အလုပ်ရှင်ဘက်မှ ပြောဆိုမှုများ အပေါ် ခွင့်ပြုပေးခဲ့သည့်အတွက် မှန်ကန် မျှတမှု မရှိဟု ယူဆကြောင်း ၎င်းက ဆက်ပြောသည်။
မမေစံပယ်က “အခု ဆက်ညှိလို့ အဆင်မပြေရင် ပြေတဲ့အထိ အဆင့်ဆင့် တက်မယ်။ ကျမတို့ နေ့စဉ် လုပ်နေရပေမယ့် လုပ်သလောက် အကျိုးခံစားခွင့် မရဘူး။ သူတို့ သတ်မှတ်ချက်တွေ ပြည့်မှီဖို့ အခြေခံ အလုပ်ချိန်အပြင် ကျမတို့မှာ အချိန်ပို ကြေးတောင် မရဘဲ လုပ်ပေးနေရတာ။ နောက်ပြီး တရုတ်ပြည်က ကူးစက်ရောဂါ အကြောင်းပြပြီး စက်ရုံက အလုပ်သမား တွေကို ပြည့်စုံအောင် လုပ်ပေးတာ မဟုတ်ဘူး။ ကျမတို့စက်ရုံက တရုတ်ပြည်ကို မှီတည်နေတဲ့ စက်ရုံ မဟုတ်ဘူး။ နိုင်ငံ တကာက အော်ဒါတွေ၊ ကုန်ကြမ်းတွေနဲ့ လုပ်နေတဲ့ စက်ရုံပါ” ဟု ဆိုသည်။
အဆိုပါ စက်ရုံများရှိ လူ့စွမ်းအား အရင်းအမြစ်ဌာနမှ မန်နေဂျာများထံသို့ ဆက်သွယ်သော်လည်း ဖုန်းပိတ်ထားခြင်း များကြောင့် အဆက်အသွယ် မရရှိခဲ့ပေ။
၎င်း စက်ရုံများမှ သပိတ်မှောက် အလုပ်သမားများသည် ဖေဖော်ဝါရီ ၁၉ ရက်ကလည်း လှိုင်သာယာမြို့နယ်တွင်း ဖူလုံ သော လုပ်ခလစာ ရရှိရေး အတွက် စုပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
အဆောင်ခများ မြင့်တက်ခြင်း၊ ကုန်ဈေးနှုန်းများ ကြီးမြင့်လာခြင်းများကြောင် ယခု သတ်မှတ်ထားသည့် အနည်းဆုံး လုပ်ခ နှုန်းထားဖြစ်သည့် ၄၈ဝဝ ကျပ်သည် အလုပ်သမားများအတွက် ပြေလည်သည့် နှုန်းထား မဟုတ်တော့သဖြင့် ၁ ရက် လုပ် ခ နှုန်းထားကို ၉၈ဝဝ အထိ တိုးမြှင့်ပေးရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်။
ထို့အတွက် တတိယအကြိမ် အနည်းဆုံး လုပ်ခကြေး ပြင်ဆင်ပေးရန် ဥပဒေနှင့် အညီ ၂ဝ၂ဝ ခုနှစ် မေလအတွင်း အချိန်မီ ထုတ်ပြန်ပေးရန် ၎င်းတို့က တောင်းဆိုခဲ့ကြသည်။
ဆက်စပ်ဖတ်ရှု့ရန်
ကုန်ကြမ်းပြတ်လပ်မှုကြောင့် ပိတ်ရက်တိုးသည့် အထည်ချုပ် စက်ရုံများ တိုးလာနေ
ရန်ကုန်တိုင်းရှိ လုပ်သားတဦး၏ တနေ့ကုန်ကျစရိတ် ကျပ် ၆၀၀၀ မှ ၉၀၀၀ ကျော်ရှိ ဟုဆို
အနည်းဆုံးအခကြေးငွေ ဥပဒေကြမ်း အလုပ်သမားသမဂ္ဂများ ကန့်ကွက်