မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်အတွင်း ပြည့်တန်ဆာ အမျိုးသမီးတဦး အသတ်ခံရမှုတွင် တရားခံတဦးသာ ဖမ်းမိထား ကြောင်း အုန်းချောနယ်မြေ ရဲစခန်းက သိရသည်။
အုန်းချောနယ်မြေ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိ တဦးက “လောလောဆယ်မှာတော့ ပြစ်မှု ကျုးလွန်တဲ့သူ ၄ ဦးထဲက တဦးကိုတော့ ဖမ်းမိထားပါတယ်။ ကျန်တဲ့ တရားခံတွေကို ဖမ်းမိဖို့အတွက် စုံစမ်းနေပါတယ်” ဟု ပြောသည်။
သေဆုံးသူ အမျိုးသမီးမှာ မန္တလေးမြို့ ဂေါဝိန်ဆိပ်ကမ်းနေထိုင်ကာ ပြည့်တန်ဆာ လုပ်ငန်းလုပ်ကိုင်သူ တဦးဖြစ်ပြီး လူ သတ်မှု ကျုးလွန်ကြသူများမှာ ဆန်းမင်းဦး၊ အားချန်၊ ညိုကြီး၊ စိန်သန်း(ခ) မျိုးသန့်တို့ ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၀ ရက်က ပုသိမ်ကြီးမြို့နယ် ကွေ့ကြီးကုန်း ကျေးရွာ၊ ဘိုးဘိုးကြီး နတ်နန်းအနီး တောစပ်ရေအိုင် အတွင်း၌ အသက် ၃၅ နှစ်ခန့် အရွယ် အမျိုးသမီး အလောင်းတွေ့ရှိသဖြင့် အုန်းချောနယ်မြေရဲစခန်းက သေမှုသေခင်း ဖွင့် ကာ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။
အဆိုပါ အမျိုးသမီးအား ရင်ခွဲစစ်ဆေးခဲ့ရာ လည်ပင်းတွင် ရရှိသော ဒဏ်ရာဖြင့် သေဆုံးခြင်း ဖြစ်ကြောင်း ဆေးစာပြန်ကြား ခဲ့သဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရာ၌၊ အမှတ် ၁ နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၀ (ခိုးမှု) ဖြင့် ဖမ်း ဆီးခံထားသည့် ဆန်းမင်းဦး စစ်ဆေးရာမှ အဆိုပါ လူသတ်မှု ကျုးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်ဟု ရဲမှတ်တမ်းများ အရ သိရသည်။
ဆန်းမင်းဦး၏ ထွက်ဆိုချက်များအရ ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ၎င်းနှင့် ခင်မင် ရင်းနှီးသည့် ပြည့်တန်ဆာ လုပ်ငန်း လုပ်ကိုင်သည့် အမျိုးသမီးအား ဂေါဝိန် ဆိပ်ကမ်းမှ ဘိုးဘိုးကြီး နတ်နန်းအရှေ့ဘက် လမ်းကြားတောစပ် ရေအိုင်အနီးသို့ ဆိုင်ကယ်ဖြင့် ခေါ်ဆောင်ကာ ဆန်းမင်းဦး၊ အားချန်၊ ညိုကြီး၊ စိန်သန်း(ခ) မျိုးသန့်တို့သည် အရက်သေစာ သောက်စား၍ အဆိုပါ အမျိုးသမီးနှင့်အတူ တလှည့်စီ ပျော်ပါးခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ထိုသို့ ပျော်ပါးစဉ် နောက်ဆုံး အားချန်အလှည့်၌ အမျိုးသမီး၏ အော်သံကြားသဖြင့် ကြည့်ရာ အားချန်မှ ပြည့်တန်ဆာ အမျိုးသမီးအား လည်ပင်းညစ်၍ ညိုကြီးဆိုသူက ဦးခေါင်းအား လက်သီးဖြင့် ထိုးလိုက်ရာ သတိလစ်မေ့မျောသွားခဲ့ ကြောင်း ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
ထိုကဲ့သို့ သတိလစ်မေ့မျောသွားစဉ် အားချန်က အမျိုးသမီးအား ရေအိုင်အတွင်းသို့ ပစ်ချခဲ့ကြောင်း ရဲထံ ထွက်ဆိုခဲ့သည်။
စစ်ဆေး ပေါ်ပေါက်ချက်များအရ ကျုးလွန်ကြသူများ ဖြစ်သည့် ၎င်းတို့ ၄ ဦးကို ဖေဖော်ဝါရီ ၂၅ ရက်က အုန်းချော နယ်မြေ ရဲစခန်းတွင် ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၀၂ (လူသတ်မှု) အရ အမှုဖွင့်ထားပြီး ကျန်ရှိနေသည့် တရားခံ ၃ ဦးကို ဖမ်းဆီး ရ မိရေး ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
You may also like these stories:
တရုတ်၌ ဖမ်းဆီးခံထားရသော မြန်မာသင်္ဘောသားများ ပြန်လွှတ်ပေးရေး အစိုးရတောင်းဆို
လပွတ္တာတွင် ကလေးအလုပ်သမားကို မီးရှို့နှိပ်စက်သည့် ဆိုင်ရှင်ကိုဖမ်းဆီး