နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မှာကြားချက်အရ သူနာပြု အကူသင်တန်းများ ဖွင့်လှစ်၍ သင် ကြားပို့ချမှုများ စတင်နေပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံမှ ကျွမ်းကျင်သူ ဒေါက်တာ ပပက “ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဒီသင်တန်းတွေ ဖွင့်လှစ်ဖို့ အတွက် အားပေးထားပါတယ်” ဟု ပြောသည်။
သူနာပြု အကူ (ပြင်ပ) ၉ လသင်တန်းကို နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့ရှိ ဆေးရုံများတွင် ဖေဖော်ဝါရီ ၄ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပြီး၊ ရန်ကုန်ဆေးရုံတွင် သင်တန်းသား ၁၀၀၊ မန္တလေး ဆေးရုံကြီးတွင် သင်တန်းသား ၉၀ ကျော် နှင့် နေပြည်တော် ခုတင် (၁၀၀၀) တွင် သင်တန်းသား ၆၀ ကျော် တက်ရောက်လျက် ရှိကြောင်း သိရသည်။
အဆိုပါ သင်တန်း တက်ရောက်နေသည့် သင်တန်းသားများမှာ ပညာအရည်အချင်းအနေဖြင့် နဝမတန်း အောင်မြင်ပြီး သူများ ဖြစ်ပြီး၊ ပို့ချပေးသည့် ပညာရပ်ပိုင်းမှာ ခန္ဓာကိုယ် ဖွဲ့စည်းပုံများ၊ ဖြစ်ပွားတတ်သည့် ရောဂါလက္ခဏာများ၊ နာတာ ရှည် ရောဂါသည်များနှင့် သက်ကြီးရွယ်အိုများအား မည်ကဲ့သို့ ပြုစုရမည်၊ အစရှိသဖြင့် ကျန်းမာရေး အခြေခံ ပြုစုနိုင်သည့် ပညာရပ်ပိုင်းများကို သင်ကြားပို့ချလျက် ရှိကြောင်း ဒေါက်တာ ပပ က ရှင်းပြသည်။
သင်တန်းသားများကို စာတွေ့ ၃ လ သင်ကြားပို့ချပြီး၊ ၆ လကို လက်တွေ့ သင်ကြားပေးမည် ဖြစ်သဖြင့် ဆေးရုံ အတွင်း သူနာပြု လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ ဆေးရုံတိုင်းတွင် သူနာပြုလိုအပ်ချက်များ ရှိနေ သော်လည်း ယင်းသူနာပြု အကူများကို နိုင်ငံတော်မှ ခန့်အပ်သည့် ဝန်ထမ်းဖြစ်နိုင်ရန်အတွက် ဆောင်ရွက်နေဆဲ ကာလ ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက သိရသည်။
နေပြည်တော် ခုတင်(၁၀၀၀) ဆေးရုံမှ သူနာပြုအုပ်ကြီး ဒေါ်စောရွှေက “သင်တန်း ၉ လ ပြည့်ပြီးရင်တော့ ဝန်ကြီးဌာနရဲ့ အသိအမှတ်ပြု လက်မှတ်ရမှာပါ။ နိုင်ငံ့ဝန်ထမ်းအဖြစ် ခန့်အပ်ပေးနိုင်ခြင်း မရှိပေမယ့်၊ သူတို့ပညာရပ်နဲ့ ပြင်ပဆေးရုံ၊ ဆေး ခန်းတွေမှာ လုပ်လို့ ရပါတယ်” ဟု ပြောသည်။
သို့သော်လည်း နိုင်ငံတော် အစိုးရမှ အကူသင်တန်းသားများကို အလုပ်မခန့်နိုင်သော်လည်း သင်တန်းသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိမည် ဖြစ်ကြောင်း၊ နိုင်ငံခြား ထွက်၍ အကူသူနာပြု အနေဖြင့် သွားလုပ်ပါကလည်း အသိအမှတ်ပြု လက်မှတ် ရရှိထားပြီး ဖြစ်သဖြင့် အရည်အချင်း ပြည့်ဝသည့်သူများ ပေါ်ထွက်လာမည် ဖြစ်ကြောင်း ၎င်းက ဆက် လက် ပြောဆိုသည်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ကြည်တောင်ကန် ၁ ရပ်ကွက်မှ သူနာပြုအကူသင်တန်း တက်ရောက်နေသည့် မရွှေစင် ဝင်းက “နေတာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရတယ်။ သင်တန်းမှာလည်း သင်ကြားရတာ အဆင်ပြေပါတယ်။ ဒီသင်တန်းက ဆင်းရင် ပုဂ္ဂလိက ဆေးရုံမှာ လုပ်ဖို့ စိတ်ကူးထားပါတယ်” ဟု ပြောသည်။
တနိုင်ငံလုံးရှိ ဆေးရုံပေါင်း ၁ သောင်းကျော်တွင် သားဖွား ဆရာမများ အပါအဝင် သူနာပြု ၃၈၀၀၀ ကျော် ဦးရေသာ ရှိ သည့်အတွက် ဆေးရုံများတွင် သားဖွား၊ သူနာပြု ဆရာမများ လိုအပ်ချက်များ ရှိနေသည်ကိုလည်း ကျန်းမာရေး ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။
၂၀၀၃–၂၀၀၄ ခုနှစ်ခန့်က ယခုကဲ့သို့ ပြည်သူ့ ဆေးရုံကြီးများတွင် သူနာပြု အကူသင်တန်းများ ပေးခဲ့ဖူးကြောင်း၊ ယင်း သင် တန်းများ မပို့ချတော့ဘဲ ရပ်တန့်ခဲ့သဖြင့် ယခုအခါမှာ ပြန်လည် ပို့ချမည် ဖြစ်ကြောင်း သိရသည်။
နေပြည်တော်နှင့် ရန်ကုန်ရှိ ပြင်ပ သူနာပြုများ၏ လစာသည် ကျပ် ၃ သိန်းကျော်မှ ၅ သိန်းထိ ရှိပြီး ခွဲစိတ်ခန်းတွင် ဝင်ကူ ပေးနိုင်သည့် ဆရာမများ အနေဖြင့် အပိုဝင်ငွေများ အပါအဝင် လစဉ်ကျပ် ၁၀ သိန်းခန့် ရရှိလျက်ရှိကြောင်း ပုဂ္ဂလိက သူနာပြု အသိုင်းအဝိုင်းက သိရသည်။
နေပြည်တော် ခုတင် (၁၀၀၀) ဆေးရုံတွင် ဖွင့်လှစ်ခွင့်ရသည့် သင်တန်းသားဦးရေက ၁၀၀ ဖြစ်သော်လည်း တက်ရောက် နေသူ ၆၁ ဦးသာ ရှိကြောင်းလည်း သိရသည်။
You may also like these stories:
နိုင်ငံတော်အတိုင်ပင်ခံ၏ ညွှန်ကြားချက်ဖြင့် သူနာပြု အကူသင်တန်းများ ဖွင့်မည်