သယ်ယူပို့ဆောင်ရေး စီမံခန့်ခွဲမှု လုပ်ငန်းများ လုပ်ကိုင်သည့် Ever Flow River (EFR) အများပိုင်ကုမ္ပဏီသည်
ရန်ကုန် စတော့အိတ်ချိန်းသို့ ၆ ခုမြောက် ကုမ္ပဏီအဖြစ် စာရင်းဝင်မည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်အခြေစိုက် ထိုကုမ္ပဏီသည် လာမည့် မတ်လ၂၀ ရက်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ စာရင်းဝင် ကုမ္ပဏီအဖြစ် ရှယ်ယာ အရောင်းအဝယ်များ စတင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရန်ကုန် စတော့ အိတ်ချိန်း(YSX) က ယနေ့ ထုတ်ပြန်သည်။
EFR ကုမ္ပဏီ၏ ရန်ကုန်စတော့အိတ်ချိန်းတွင် ပထမဦးဆုံးရောင်းချမည့် ရှယ်ယာဈေးနှုန်း (Base Price) ကို လာမည့် မတ်လ ၁၉ ရက်တွင် ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း YSX ထံမှ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံသည် သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံပိုင်းတွင် လိုအပ်ချက်များ စွာ ရှိနေပြီး EFR အနေဖြင့် မြန်မာနိုင်ငံ၏ အဓိက ကုန်သွယ်ရေးမြို့များ ဖြစ်သော ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ မြဝတီနှင့် တမူးမြို့များတွင် သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် လိုအပ်သော အခြေခံ အဆောက်အအုံပိုင်း များကို လုပ်ဆောင်သွားမည် ဖြစ်၍ ယင်းအတွက် လိုအပ်လာမည့် ရင်းနှီးမြှုပ်နှံငွေများ ရရှိရန် ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်ခြင်း ဖြစ်ကြောင်း EFR အများပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဦးကျော် လွင်ဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “IPO (အများပြည်သူသို့ အစုရှယ်ယာ ကမ်းလှမ်း ရောင်းချခြင်း) ကတော့ တချိန်ချိန်မှာတော့ လုပ်မယ်။ စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ ပထမအဆင့် ကိစ္စတွေကို ကိုယ့်ဘာသာပဲ အရင်လုပ်လိုက်ချင်တယ်။ နောက် ဒုတိ ယ အဆင့်သွားတဲ့ အခါမျိုးကျမှ စိတ်ဝင်စားတဲ့ ရင်းနှီးမြှုပ်နံှသူတွေကို အစုရှယ်ယာ ခေါ်သွားမှာပေါ့” ဟု ဆို သည်။
EFR ကုမ္ပဏီသည် ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး၊ ကုန်းလမ်း သယ်ယူပို့ဆောင်ရေးနှင့် သယ်ယူပို့ ဆောင်ရေးဂိတ် စီမံခန့်ခွဲမှု အစရှိသော ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင် လျက်ရှိသော နှစ်ပေါင်း ၂၀ ကျော် သက်တမ်းရှိ ကုမ္ပဏီတခု ဖြစ်သည်။
လက်ရှိ အချိန်တွင် ရန်ကုန် စတော့အိတ်ချိန်း၌ FMI ကုမ္ပဏီ၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH) ၊ မြန်မာနိုင်ငံသားများ ဘဏ် (MCB) ၊ ပထမ ပုဂ္ဂလိကဘဏ် (FPB) နှင့် TMH တယ်လီကွန်း ကုမ္ပဏီတို့ စာရင်းဝင် ကုမ္ပဏီ အဖြစ် ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက် ရှိသည်။
You may also like these stories:
အနည်းဆုံး လုပ်ခလစာ ပြင်ဆင်မည့် ကာလ ရွှေ့ဆိုင်းပေးရန် လုပ်ငန်းရှင်များ တောင်းဆို
ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြန်မာသို့ လာမည့် အပျော်စီးသင်္ဘော ခရီးစဉ် ၅ ခု ဖျက်သိမ်းဟုဆို
တရုတ်ကျောထောက်နောက်ခံပြု ကန်ပိုက်တီး စီးပွားရေးဇုန် ကချင်ပြည်နယ်လွှတ်တော် အတည်ပြု