အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ ဝင်လည်းဖြစ် ပြောရေးဆိုခွင့်ရှိသူ တဦးလည်း ဖြစ်သူ ဒေါက်တာ မျိုးညွှန့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်မှ ရပ်နားလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ယနေ့ နေပြည်တော်တွင် ကျင်းပသည့် ပါတီ၏ ဗဟိုအလုပ်မှုဆောင် (CEC) အစည်းအဝေး ဆုံးဖြတ်ချက်အရ ရပ်နားခံရခြင်း ဖြစ်ကြောင်း ဒေါက်တာ မျိုးညွှန့်က သတင်းထောက်များကို ပြောသည်။
ဒေါက်တာ မျိုးညွှန့်က “ကျနော်တို့ အဖွဲ့ချုပ်ရဲ့ ပြောရေး ဆိုခွင့်ရှိသူအဖြစ် ဒေါက်တာ ဇော်မြင့်မောင် တယောက်ပဲ လုပ်တော့မယ်။ အဲဒီတော့ နောက်ပိုင်း ပြောဖို့ ဆိုဖို့ဆိုရင် ဒေါက်တာ ဇော်မြင့်မောင်ကပဲ ပြောပါတော့မယ်” ဟု ဆိုသည်။
NLD ပါတီက ပြောရေးဆိုခွင့်ရှိသူများအဖြစ် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နှင့် ဒေါက်တာ မျိုးညွှန့်ကို ခန့်အပ်တာဝန် ပေးထားရာမှ ယနေ့ အစည်းအဝေး ဆုံးဖြတ်ချက်အရ ဒေါက်တာ ဇော်မြင့်မောင် တဦးထဲသာ ပြောရေးဆိုခွင့်ရှိသူအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ပါတီတွင်း လုပ်ဆောင်သည့် ဆောင်ရွက်ချက်များကို သိရှိလိုပါက ဒေါက်တာ ဇော်မြင့်မောင် တဦးထဲကို သတင်းထောက်များ မေးမြန်းရန်နှင့် မိမိအား အနားပေးသည့် ကိစ္စမှာ ပါတီတွင်းဆုံးဖြတ်ချက် ဖြစ်သောကြောင့် အသေးစိတ် မရှင်းပြနိုင်ကြောင်းလည်း ဒေါက်တာ မျိုးညွှန့်က ဆိုသည်။
“ဒါက CEC ဆုံးဖြတ်ချက် အရပါ။ ဘာကြောင့်ဆိုတာ ကျနော် ပြောလို့မရပါဘူး။ ကျနော် ဘာမှ ပြောလို့ မရပါဘူး။ ဒီနေ့လည်း ကျနော် ပြောခွင့်မရှိတော့ဘူး။ နောင်ကို ဆရာဇော်မြင့်မောင်ပဲ ပြောမယ်ဆိုတဲ့အကြောင်းကို ကျနော် ကြေညာပါတယ်” ဟု ဒေါက်တာ မျိုးညွှန့်က ပြောသည်။
ယနေ့ NLD ပါတီ၏ ဗဟိုအလုပ်မှုဆောင် အစည်းအဝေးကို နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် နေ့လည် ၁ နာရီမှ ညနေ ၅ နာကျော်ထိ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် သုတေသနလုပ်ငန်း၊ရံပုံငွေကိစ္စ၊အလုပ်သမားရေးရာ အစရှိသည်တို့ကို ဆွေးနွေးခဲ့ကြောင်း ဒေါက်တာ မျိုးညွှန့်ထံမှ သိရသည်။
NLD ပါတီ ဒုတိယ ဥက္ကဌ ဒေါက်တာ ဇော်မြင့်မောင်က “တက်နိုင်တဲ့ အချိန်မှာ CEC တက်သလို အစိုးရရဲ့ တာဝန် ကိုလည်း နည်းနည်း ပြန်ပြီးတော့ တာဝန်ယူတာတွေ ရှိပါတယ်။ နောက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်လာရင် Spoke Person က ကျနော် ဖြစ်မှာပေါ့”ဟု သတင်းထောက်များကို ပြောဆိုခဲ့သည်။
You may also like these stories:
လွှတ်တော်တွင် ဖွဲ့ စည်းရမည့် ကာ/လုံ ကော်မတီကို မပယ်ဖျက်ဖို့ ကြံ့ခိုင်ရေး အမတ် ပြော
ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော