ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာ အနီးတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ် လ ၃ ရက်နေ့အထိ ငွေကျပ် ၉၁ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံး ပြုသည့် ပစ္စည်းများကို တပ်မတော်က သိမ်းဆည်းရမိထားကြောင်း သတင်းရရှိသည်။
“အဲဒီနေရာက နယ်စပ်ဒေသ ဖြစ်ပြီးတော့ လက်နက်ကိုင်ပေါင်းစုံနဲ့ ပြည်သူ့စစ်တွေပါ လှုပ်ရှားတဲ့ဒေသဖြစ်လို့ ဘယ်သူ့ ပစ္စည်းတွေလည်းဆိုတာ ပြောရခက်တယ်။ အဲဒီနယ်မြေ တဝိုက်မှာ ကျနော်တို့ တပ်မတော်က နယ်မြေ စိုးမိုးရေးနဲ့ လုံ ခြုံရေး ဆက်လက် ဆောင်ရွက်နေပါတယ်”ဟု တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြော သည်။
ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီးပတ်ဝန်းကျင်တွင် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၁ ရက်နေ့အထိ ငွေ ကျပ် ၃၈ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ မတ်လ ၂ ရက်နေ့ တရက်တည်းတွင် ငွေ ကျပ် ၅ ဘီလီယံကျော် တန်ဖိုးရှိ မူးယစ်ဆေးနှင့် ဆက်စပ်ပစ္စည်းများ၊ မတ်လ ၃ ရက်နေ့တွင် ကျပ် ၅၃ ဘီလီယံ တန်ဖိုးရှိ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တပ်မတော်မှ သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ဖမ်းဆီးရမိသည့် ပစ္စည်းများထဲတွင် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ၅ ဂါလန် အက်စစ်ပုံးများ၊ ကော် ပေပါများ၊ WY စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူ အမှုန့်များ၊ အခဲများ၊ ဂတ်စ်အိုးလုံးများ၊ ဖန်ပြွန်ချောင်းများနှင့် အခြား ဆပ်စပ် ပစ္စည်းများ ပါဝင်ပြီး ယင်းပစ္စည်းများကို ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
ယင်းသိမ်းဆည်းရမိသည့် ပစ္စည်းများကို သက်ဆိုင်ရာသို့ စနစ်တကျ လွှဲပြောင်း အပ်နှံရန် တပ်မတော်မှ စီစဉ်လျက် ရှိသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ ဇွန်လကလည်း ထိုင်း-မြန်မာ နယ်စပ် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်တွင် ဘီလီယံနှင့်ချီ တန်ဖိုးရှိသော WY စိတ်ကြွဆေးပြားများ၊ ဆေးပြား ရိုက်စက်များ၊ ဆက်စပ် ပစ္စည်းများနှင့် လက်နက်များကို တပ်မတော်က ဖမ်းဆီးရမိခဲ့သေးသည်။
You may also like these stories:
NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ အဖြစ်မှ ဒေါက်တာမျိုးညွှန့် ဖယ်ရှားခံရ
EFR ကုမ္ပဏီ ရန်ကုန်စတော့ အိတ်ချိန်းသို့ စာရင်းဝင်မည်
နိုင်ငံတော်အတိုင်ပင်ခံ ညွှန်ကြားမှုကြောင့် သူနာပြု အကူသင်တန်းများ စတင်ဖွင့်လှစ်