သတင်းတို

ကိုရိုနာဗိုင်းရပ်စ်ကြောင့် မန္တလေး စီးပွားရေးဖိုရမ် ရက်ရွှေ့

ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ယခုလကုန်တွင် ကျင်းပမည့် မန္တလေး စီးပွားရေး ဖိုရမ် ၂၀၂၀ ကို ရက်ရွှေ့ဆိုင်းလိုက် ကြောင်း မန္တလေးတိုင်း ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်း (MRCCI) ဥက္ကဋ္ဌ ဦးကျော်မင်းက ပြောသည်။

၎င်းကဒီမှာက ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး စိတ်ချရတဲ့ အနေအထား မရှိတာရယ်၊ စီစဉ်ပြီးသားမို့ ရက်မရွှေ့ဘဲ လူမစည်မကားနဲ့ ဇွတ်ကျင်းပမှာလားပေါ့၊ စသဖြင့် ရက်ရွှေ့သင့်၊ မသင့် အကျိုးဆက်ကို အားလုံး ခြုံငုံ စဉ်းစားကြတဲ့ အခါ ရွှေ့လိုက်တာက အန္တရာယ်နည်းတဲ့ အတွက်ကြောင့် အခုလို ဆုံးဖြတ်လိုက်ကြတာပါဟု ဆိုသည်။ 

မန္တလေးစီးပွားရေး ဖိုရမ် ၂၀၂၀ ကို ယခုလ ၂၅ ရက်မှ ၂၇ ရက်အထိ မန္တလေး ကွန်ဗင်းရှင်းစင်တာ၌ ကျင်းပရန် စီစဉ် ထားခဲ့သော်လည်း တရုတ်အပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက် ဖြစ်ပွားလျက် ရှိသော ကိုရိုနာဗိုင်းရပ်စ် ကြောင့် ဖိုရမ်အား မေလအတွင်း ပြန်လည် ကျင်းပရန် အကြမ်းဖျင်း လျာထားကြောင်း သိရသည်။

ယင်းပွဲအတွက် တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယား အပါအဝင် အာရှနိုင်ငံများ သာမက အမေရိကန်နှင့် အနောက် ဥရောပ နိုင်ငံများမှ လုပ်ငန်းရှင်များ၊ စီးပွားရေး အသင်းအဖွဲ့များအား  သက်ဆိုင်ရာ သံရုံးများမှ တဆင့် ဖိတ်ကြားပြီး ဖြစ်သော်လည်း လက်ရှိ အခြေအနေအရ တက်ရောက်နိုင်မည့် အလားအလာ နည်းသည့်အတွက်ကြောင့်လည်း ဖြစ် ကြောင်း ဦးကျော်မင်းက ဆိုသည်။ 

မန္တလေး စီးပွားရေး ဖိုရမ်၂၀၂၀ တွင် အစိုးရဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများ၊ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်များ၊ တရုတ်၊ အိန္ဒိယနိုင်ငံဆိုင်ရာ သံရုံးများက သံအမတ်များ ပါဝင်မည့် စီးပွားရေး ဆိုင်ရာ စကားဝိုင်းများ၊ ဆွေးနွေးပွဲများ အပါအဝင် ကုန်စည်ပြပွဲများလည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ 

You may also like these stories:

စိန်ခေါ်မှုများကြောင့် ၂၀၂၀ မြန်မာ့စီးပွားရေး တိုးတက်မှုနှုန်း ၆.၄ ရာခိုင်နှုန်းသာ ကမ္ဘာ့ဘဏ်ခန့်မှန်

မန္တလေး ကျောက်မျက်ပြပွဲ ကျောက်စိမ်းတွဲ ရောင်းချရငွေ ကျပ်သိန်းပေါင်း ၃ သိန်းကျော် ရရှိ

မန္တလေး စီးပွားရေး ဖိုရမ် ၂၀၂၀ ကျင်းပမည်

Loading