အငြင်းပွားမှု အများဆုံးဖြစ်သည့် သမ္မတ အရည်အချင်းကန့်သတ်ချက် ပုဒ်မ ၅၉ (စ) ပယ်ဖျက် ရေးနှင့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ပြင်ဆင်ဖွဲ့စည်းမည့် ပုဒ်မများအား မနက်ဖြန် မတ်လ ၁၁ နေ့တွင် ပြည်ထောင်စု လွှတ်တော်၌ မဲခွဲဆုံးဖြတ်မည်ဖြစ်သည်။
ပုဒ်မ ၅၉(စ) ပျက်ဖျက်ရေးသည် ထောက်ခံသူများနှင့် ကန့်ကွက်သူများကြား ထိပ်တိုက် တွေ့နေသည့် ပုဒ်မဖြစ်ပြီး ပထမနေ့ မဲခွဲစဉ်မှာပင် တပ်မတော်နှင့် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူများက နေပြည်တော်ရှိ လွှတ်တော်အထိ လာရောက်ကာ လှုံ့ဆော်ကန့်ကွက်မှုများ ပြုလုပ်ရန် ကြိုးပမ်းခဲ့ကြသည်။
NLD ပါတီ ထောက်ခံသူများကမူ ပုဒ်မ ၅၉ (စ)သည် ဒေါ်အောင်ဆန်းစုကြည် သမ္မတ မဖြစ်ရေးအတွက် ဦးတည်ရေးဆွဲထားကြောင်း ဝေဖန်လျှက်ရှိသည်။
အခြေခံဥပဒေ ပြင်ဆင်ရေး ဒုတိယနေ့အဖြစ် မဲခွဲရာတွင် ပုဒ်မ ၄၃၆(က)နှင့် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မ ခွဲ ၁၅ ခုပါဝင်မည်ဖြစ်သည်။
ကာ/လုံအား ပြင်ဆင်ဖွဲ့စည်းရေးတွင်လည်း NLD ပါတီမှ ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်နှင့် ကြံ့ခိုင် ရေးပါတီမှ ဦးစိုင်းသန်းနိုင်၏ ပြင်ဆင်ချက် ၂ ခုလုံးပါဝင်လျှက်ရှိသည်။
ဦးထွန်းထွန်းဟိန်၏ ပြင်ဆင်ချက်သည် ကာ/လုံ တွင်ပါဝင်သူ ဦးရေအရ တပ်မတော် အသာရနေမှုအား လျော့ချကာ အရပ်သားအစိုးရဘက်က အသာရရန် တိုးချဲ့ဖွဲ့စည်းရန် ဖြစ်သည်။
ဦးစိုင်းသန်းနိုင်ကမူ ကာ/လုံ၏ လုပ်ပိုင်ခွင့်များ ယခုထက်ပိုပေးရန်ဖြစ်ပြီး ၂ လတကြိမ် ပုံမှန် အစည်းအဝေး ကျင်းပရန်နှင့် အနည်းဆုံးက တောင်းဆိုပါကလည်း အစည်းအဝေးကျင်းပပေးရန် ဖြစ်သည်။
ယင်းပြင် လွှတ်တော်များတွင် တပ်မတော်သား ကိုယ်စားလှယ်ပါဝင်မှု အဆင့်လိုက်လျော့ချမည့် ပုဒ်မ ၁၀၉(ခ)၊ ၁၄၁(ခ)၊ ၁၆၁(ဃ) တို့အား ပြင်ဆင်ချက်များ ထပ်မံပါဝင်သော်လည်း အဆင့်လိုက် လျော့ချမည့် အဆိုပြုချက်မှာ ပထမနေ့တွင်ပင် မဲခွဲရာ၌ ရှုံးနိမ့်ခဲ့ပြီဖြစ်သည့်အတွက် ထပ်မံရှုံးနိမ့်ရန် အလား အလာ များနေသည်။
မဲခွဲမှု ပထမနေ့အဖြစ် မတ်လ ၁၀ ရက်နေ့က ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုအား မဲခွဲရာတွင် တပ်မတော်အား အာဏာလျော့ချရန် ပြင်ဆင်သည့် အချက်အားလုံး ရှုံးနိမ့်ခဲ့ပြီး စကားရပ်ပြောင်းလဲခြင်း ပုဒ်မ ၂ ခုသာ ပြင်ဆင်ရန် ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ပြည့်မီခဲ့သည်။
You may also like these stories:
ခြေ/ဥ ပြင်နေစဉ် အမျိုးသားရေး လှုပ်ရှားသူများ နေပြည်တော်၌ အင်အားပြ
NLD ၏ ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်ဟု တပ်မတော်ပြော
ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှု အားမရဟု တိုင်းရင်းသား အမတ်များပြော