တောင်ဥက္ကလာပမြို့နယ်တွင် ဖွင့်လှစ်ခဲ့သည့် မယ့်လိမ့်လုံစားသောက်ဆိုင်မှ ဝန်ထမ်းအမျိုးသားအား လိင်တူပြု ကျင့်ခဲ့သည့် ဆိုင်ရှင်ဖြစ်သူအား တောင်ဥက္ကလာပမြို့နယ်တရားရုံးက ယနေ့မတ်လ ၁၁ ရက်နေ့ တွင် ထောင်ဒဏ် ၅ နှစ် ကျခံစေရန် အမိန့်ချလိုက်သည်။
ဆိုင်ရှင်ဖြစ်သူ အောင်မျိုးထွဋ်(ခ)အက်ဒီသည် HIV ဝေဒနာရှင်တဦးဖြစ်ကြောင်း တရားရုံးထွက်ဆိုချက်များအရ သိရပြီး ၂၀၁၈ ခုနှစ် မတ်လ ၇ ရက်နေ့က အမျိုးသားဝန်ထမ်း ၁ ဦးအား အဓမ္မလိင်တူပြုကျင့်မှု ပုဒ်မ ၃၇၇ ဖြင့် စွဲချက်တင်ခံရကာ ၂ နှစ်ကျော် အကြာတွင် အပြီးသတ်အမိန့်ချခဲ့ခြင်းဖြစ်သည်။
ပြုကျင့်ခံရမှုကြောင့် တရားလိုဖြစ်သူ ကာယကံရှင်သည် HIV ကာကွယ်ဆေးများ သောက်ခဲ့ရပြီး ယနေ့ အမိန့်ချမှတ်သည့် တရားခွင်သို့ လာရောက်ရာတွင် ကျန်းမာရေး ကောင်းမွန်ကြောင်း ပြောသည်။
တရားလိုဖြစ်သူက “အမှုနဲ့ ပတ်သက်ပြီး ကျေနပ်ပါတယ်၊ ကျန်းမာရေး အခြေအနေကလည်း ကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရာဇသတ်ကြီး ဥပဒေတွင် ပုဒ်မ ၃၇၇ သည် ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရိစာ္ဆန်နှင့်ဖြစ်စေ မည်သူမဆို မိမိ အလိုအလျောက် ဓမ္မတာနှင့်ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျှင် ထိုသူကို ထောင်ဒဏ်နှစ် ၂၀ ဖြစ်စေ၊ ဆယ်နှစ် အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဌာန်းထားသည်။
ဆက်စပ်လင့်
မယ့်လိမ့်လုံအမှု၌ လိင်တူချင်း အဓမ္မပြုကျင့်မှုဖြင့် စွပ်စွဲခံရသူကို လွှတ်ပေးသင့်/မသင့် အမိန့်ချမည်
မယ့်လိမ့်လုံ စားသောက်ဆိုင်ပိုင်ရှင်၏ အာမခံလျှောက်ထားမှု ပယ်ချခံရ
မယ့်လိမ့်လုံ ဆိုင်ရှင်ရဲ့ ပြုကျင့်မှု ခံရဖူးဟု တရားလို သက်သေ ထွက်ဆို