ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓ ဒဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်ဖွဲ့ဝင် ၁၃ ဦးက တပ်မတော်ထံတွင် လက်နက်အပ် အလင်းဝင်လိုက်ပြီဟု သတင်းရရှိသည်။
ဗိုလ်မှူးကြီးစောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့က အရှေ့တောင်ပိုင်း စစ်ဌာနချုပ်ထံတွင် လက်နက်အပ်၊ အလင်းဝင်လိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ ဥပဒေဘောင်အတွင်း ဝင်ရောက်ခြင်း ဟူသည့် အခမ်းအနားကို ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) ၏ဌာနချုပ် ရှိရာ ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဆုံဆည်းမြိုင်ဒေသတွင် ယနေ့ကျင်းပခဲ့ခြင်း ဖြစ်သည်။
၉ မမ ပစ္စတို နှင့် ပွိုင့် ၄၅ ပစ္စတို တို့အပါအဝင် AK ၊ M16 ၊ M21 နှင့် လက်နက်ကြီးများ စုစုပေါင်း လက်နက် အလက် ၂၀ နှင့် ကျည်မျိုးစုံ ၄၀၀ ကျော်တို့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ထံ အပ်နှံလိုက်သည်ဟု သိရသည်။
တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) သည် အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ထိုးထားသည့် ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) မှ ခွဲထွက်ထားသည့် တပ်ဖွဲ့ ဖြစ်သည် ။
မိခင်တပ်ရင်း ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA)က NCA ထိုးရေး ညှိနှိုင်းနေစဉ် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့များက ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၊ တပ်မတော်တို့နှင့် တိုက်ပွဲများ ဖြစ်ပွားသဖြင့် ဌာနချုပ်မှ ထုတ်ပယ်ခြင်း ခံလိုက်ရခြင်း ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ ဇူလိုင်တွင် ဗိုလ်မှူးကြီးစောဆန်းအောင်ကို ထုတ်ပယ်သလို ဗိုလ်မှူးချုပ် စောကျော်သက် ဦးဆောင်သည့် ကလို့ထူးဝါး ဗျူဟာတခုလုံးကိုလည်း DKBA က ထုတ်ပယ် ခဲ့သည်။
ထုတ်ပယ်ခံရသည့် အရာရှိများက ပြန်လည်စုစည်းပြီး တိုးတက်သော ဗုဒ္ဓ ဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ကို ထူထောင်ပြီး BGF နှင့် တိုက်ပွဲများ ဆက်ဖြစ်ပွားခဲ့သည်။
၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ဗိုလ်မှူးကြီး စောဆန်းအောင် ဦးဆောင်သည့် တပ်ဖွဲ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသတွင်း သွားရောက် နေထိုင်ခဲ့သည်။
၂၀၁၇ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် ကရင်ပြည်နယ်သို့ ပြန်လည် ဝင်ရောက်လာပြီး မယ်သဝေါဒေသ တွင် တပ်မတော်၊ BGF တို့ဖြင့် တိုက်ပွဲများ ဖြစ်ပွားကာ အရပ်သား ၅၀၀၀ ကျော် ထွက်ပြေးရပြီး မိုင်းအန္တရာယ် စိုးရိမ်ရသဖြင့် နေရပ်မပြန်နိုင်ဘဲ ယနေ့ထိ စစ်ဘေးရှောင်ဒုက္ခသည်များ အဖြစ် စခန်းများတွင် ခိုလှုံနေရဆဲဖြစ်သည်။
You may also like these stories: