ကိုရိုနာဗိုင်းရပ်စ် COVID-19 ကာကွယ်ရေး အတွက် တနိုင်ငံလုံးရှိ တက္ကသိုလ်ဝင်တန်း ဖြေဆိုသည့် စာစစ်ဌာနများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။
အဆိုပါ COVID-19 ကြိုတင် ကာကွယ်ရေးဆောင်ရွက်ရမည့် အချက်များကို တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့် မတ်လ ၁၁ ရက်ကတည်း စာစစ်ဌာနများတွင် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ တရားဝင် ဖေ့စ်ဘုတ် စာမျက်နှာပါ ကြေညာချက်အရ သိရသည်။
ပညာရေးဝန်ကြီးဌာနက ကြေညာထားသော COVID-19 ကာကွယ်ရေးအတွက် စာစစ်ဌာနများတွင် လိုက်နာ ဆောင်ရွက်ရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
(၁) စာမေးပွဲ မစတင်မီ ကျောင်းသားကျောင်းသူများအား ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာ များ ဖြစ်ပွားနေမှု ရှိ၊မရှိ မေးမြန်းရန်။
(၂) ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသား ကျောင်းသူများ ရှိပါက အဆိုပါ ကျောင်းသားကျောင်းသူများအား Surgical Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြု၍ ဖြေဆိုစေရန် (သို့မဟုတ်) သီးခြားနေရာ သတ်မှတ်ပေး၍ စာမေးပွဲ ဖြေဆိုစေရန်။
(၃) စာစစ်ဌာနများတွင် သီးခြားအခန်း ၁ ခန်း စီစဉ်ထားရှိစေ၍ ရောဂါလက္ခဏာ ခံစားနေရသော ကျောင်းသား ကျောင်းသူ များအား ဖြေဆိုစေရန်နှင့် စာမေးပွဲခန်းစောင့် ဆရာ/ဆရာမများအားလည်း ရောဂါ မကူးစက်နိုင်ရေး အလေးထား ဆောင်ရွက်စေရန်။
(၄) ထိုသို့ ရောဂါလက္ခဏာများ ခံစားနေရသော ကျောင်းသားကျောင်းသူများရှိပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်။
(၅) လက်ဆေးရန် ရေနှင့်ဆပ်ပြာများ၊ Hand Gel များ၊ Surgical Mask နှာခေါင်းစည်းများအား အလုံအလောက် ထားရှိ ပေး၍ စနစ်တကျအသုံးပြုရေး ကြီးကြပ်ပေးရန်။
(၆) စာမေးပွဲခန်းအတွင်းရှိ စားပွဲများအား အနည်းဆုံး ၃ ပေခန့် ဝေးကွာအောင် ထားရှိ ဖြေဆိုစေရန်။
(၇) စာမေးပွဲခန်းအတွင်းသို့ မဝင်ရောက်မီ ကျောင်းသားကျောင်းသူများအား Hand Gel များဖြင့် လက်သန့်စင်စေပြီးမှ ဝင်ရောက်စေရန်။
(၈) စာမေးပွဲခန်းစောင့် ဆရာဆရာမများ ဖျားခြင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်း စသည့် ရောဂါလက္ခဏာများ ခံစားနေရပါက စာမေးပွဲခန်း မစောင့်စေဘဲ သက်ဆိုင်ရာ ကျန်းမာရေးဌာနသို့ သတင်းပေးပို့၍ ကုသမှုခံယူစေရန်။
(၉) စာမေးပွဲခန်းအား လေဝင်လေထွက် ကောင်းစေရေး ဆောင်ရွက်ပေးရန်။
ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်နိုင်မည့် နည်းလမ်းများကိုလည်း ဖော်ပြထားရာ ၎င်းတို့မှာ
(၁) လက်ကို စင်ကြယ်အောင် မကြာခဏ စနစ်တကျ ဆေးကြောပါ။
(၂) နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့် ပါးစပ်ကို လုံခြုံအောင် ဖုံးအုပ်ပါ။ တစ်ရှုးအသုံးပြုပါက အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ။ လက်ကို စနစ်တကျ ပြန်လည်ဆေးကြောပါ။
(၃) တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုပြုဆောင်ရွက်ပါ။ အာဟာရ ပြည့်ဝစွာ စားသုံးပါ။ ကောင်းစွာ အိပ်စက် အနားယူပါ။
တို့ဖြစ်သည်။
You may also like these stories:
မြန်မာနိုင်ငံတွင်း ပွဲတော်များနှင့် COVID-19
ရန်ကုန်ဆေးရုံကြီး၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်လူနာတွေ့သည် ဆိုသည်မှာ မမှန်ဟု ဆို
အိန္ဒိယနိုင်ငံတွင်းသို့ ဝင်ရောက်ခွင့် ၁ လပိတ်