COVID-19 ရောဂါ ကာကွယ်ရေးအတွက် လူစုလူဝေးဖြင့် ကျင်းပရသည့် ပွဲများရပ်ဆိုင်းထားရန် အစိုးရက ညွှန်ကြား လိုက်ပြီးနောက် ပြည်တွင်း ဘောလုံးပွဲစဉ်များအား ဧပြီ ၃၀ ရက်နေ့အထိ ပရိတ်သတ် မပါဘဲ ကွင်းပိတ်ကျင်းပမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)က ယနေ့ မတ် ၁၃ ရက်တွင် ကြေညာလိုက်သည်။
မြန်မာနေရှင်နယ်လိဂ် လက်ကျန်ပွဲစဉ်များ၊ လူငယ်ပွဲစဉ်များနှင့် အခြားပွဲစဉ်များ အပြင် လူစုလူဝေးဖြင့် ကျင်းပရမည့် ဘောလုံးလှုပ်ရှားမှုများ အားလုံး ခေတ္တ ရပ်ဆိုင်းထားရန်လည်း ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းအပြင် ပြည်တွင်း ကလပ်အသင်းများ၌ လာရောက်ကစားနေသည့် နိုင်ငံခြားသား ကစားသမားများ အနေဖြင့် ပြည်ပသို့ ပြန်မည်ဆိုပါက ခွင့်ပြုမည် ဖြစ်သော်လည်း COVID-19 ဗိုင်းရပ်စ် စိုးရိမ်ရဆဲ ကာလအတွင်း ပြည်တွင်းသို့ ပြန်လည် ဝင်ရောက်ခွင့်ပြုမည် မဟုတ်ဟု ဆုံးဖြတ်ထားကြောင်း MFF က ဆိုသည်။
အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ Coronavirus Disease 2019 (COVID-19) ကို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ (Pandemic) အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်း WHO က သက်မှတ်ကြေညာခဲ့ပြီး အစိုးရကလည်း လူစုလူဝေး များပြားသော နေရာများတွင် လျှင်မြန်စွာ ကူးစက်နိုင်သည့် အတွက် အခမ်းအနားများ၊ ပွဲလမ်းသဘင်များအား ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ ကျင်းပခွင့်မပြုဘဲ ရပ်ဆိုင်းထားရန် ယနေ့မွန်းလွဲပိုင်းက ထုတ်ပြန်ထားပြီဖြစ်သည်။
အခြားသော ကမ္ဘာ့နိုင်ငံအချို့တွင်လည်း ဘောလုံးပွဲစဉ်များအား ကွင်းပိတ်ကစားသည့် အစီအစဉ်များ ပြုလုပ်လျှက်ရှိပြီး မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)၊ အာရှဘောလုံးအဖွဲ့ချုပ် တို့နှင့် ဆက်သွယ် ဆောင်ရွက်လျှက်ရှိကြောင်းလည်း MFF က ကြေညာထားသည်။
နိုင်ငံခြား ဘောလုံးပွဲစဉ်များ ဖြစ်သည့် ချန်ပီယံလိဂ်၊ ဥရောပဖလားပွဲစဉ် ပရီးမီးယားလိဂ်၊ FA, EFL and WSL ဘောလုံးပွဲစဉ်များ အားလုံးကိုလည်း ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် လတ်တလော ရပ်နားထားမည်ဖြစ်ကြောင်း နိုင်ငံခြားသတင်းဌာနများတွင် ဖော်ပြထားသည်။
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ ကမ္ဘာကျော် ဘောလုံးသမားများ
ကစားဖော်မှာ ကိုရိုနာဗိုင်းရပ်စ် တွေ့တာကြောင့် စောင့်ကြည့်ခံနေရတဲ့ စီရော်နယ်ဒို